ခရေပန်းလိုလူတွေများပါစေ(၄) (သို့) ပန်းတစ်ပွင့်ရဲ့တန်ဖိုး

Monday, February 21, 2011


ပန်းတစ်ပွင့်ရဲ့တန်ဖိုး

ပန်းပွင့်တော်တော်များများကို လူတွေတွေ့ဖူးကြပါလိမ့်မယ်။ ပန်းတွေဟာ သူတို့ရဲ့ကိုယ်စီအလှတွေနဲ့ လောကကြီးကို အလှတွေဆင်ပေးနေကြပါတယ်။ ပန်းလို့နာမည်ချင်းတူတာတောင်မှ ပန်းပွင့်တစ်ခုခြင်းစီရဲ့ အလှအပတွေ တန်ဖိုးတွေကတော့ ကွာခြားနေပါတယ်။ အချို့ပန်းတွေက အရောင်အဆင်းက အင်မတန်လှသလို မွှေးပြန့်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ တချို့ပန်းတွေကျတော့ အရောင်အဆင်းက အင်မတန်လှပပေမယ့်.. မွှေးပြန့်မှုကိုတော့ မပေးစွမ်းနိုင်ကြပါဘူး။ နောက်ပန်းတစ်မျိုးကတော့ အရောင်အဆင်းမရှိသည့်တိုင်အောင် မွှေးပြန့်မှုလည်း မပေးစွမ်းနိုင်တဲ့ ပန်းတစ်မျိုးပါပဲ။ ဒီလိုပန်းပွင့်လေးတွေအကြောင်း ပြောမိတော့ ဆရာတော်တစ်ပါး ဟောပြဆုံးမတဲ့ အဆုံးမစကားလေးတစ်ခု နားထဲကကြားယောင်မိပါတယ်။ “အသိဥာဏ်မရှိတဲ့ ပန်းပွင့်လေးတွေတောင် သူတို့ရဲ့အလှပတွေနဲ့ သဘာဝတရားကြီးကို အကျည်းတန်မသွားစေပဲ လှပစေနိုင်အောင် အလှဆင်နေကြတယ်ဆိုရင်.. အသိဥာဏ်ရှိတဲ့လူသားတွေအနေနဲ့ဆိုရင်တော့ လောကကြီးအတွက် ပန်းတွေထက်ပိုပြီး အလှဆင်နိုင်သင့်တာပေါ့” ဆိုတဲ့ ဆုံးမစကားလေးပါ။

ပန်းတွေအမျိုးမျိုးရှိသလို ပန်းတွေနဲ့တူတဲ့လူတွေလည်း အမျိုးမျိုးရှိကြပါတယ်။ အချို့လူတွေက စက္ကူပန်းတစ်ပွင့်လိုပဲ.. ပန်းလို့သာနာမည်ရပြီး ပန်းတစ်ပွင့်ရဲ့အဆင်းနဲ့အချင်းကို မပေးစွမ်းနိုင်တဲ့ စက္ကူပန်းတစ်ပွင့်လို လူမျိုးတွေပါ။ စက္ကူပန်းလိုလူမျိုးတွေ လောကကြီးမှာ အများကြီးပါပဲ။ ကိုယ့်အကျိုးစီးပွားအတွက်မလုပ်တဲ့အပြင် လောကအတွက် အများအတွက်ဆိုတာကို ခေါင်းထဲ မထည့်တဲ့လူမျိုးတွေပါ။ ဒီလိုလူမျိုးတွေကို စက္ကူပန်းတစ်ပွင့်လို ဘယ်သူကမှတန်ဖိုးမထားကြပါဘူး။

ပန်းလို့နာမည်ချင်းတူပေမယ့် စက္ကူပန်းနဲ့မတူပဲ တန်ဖိုးထားသင့်တဲ့ ပန်းပွင့်တွေများစွာရှိပါတယ်.. ထိုများစွာထဲမှ အဆင်းရော အချင်းရောပေးနိုင်တဲ့အပြင် ကြွေသွားသည့်တိုင်အောင် လောကကြီးကို အလှဆင်နိုင်တဲ့ပန်းပွင့်ဖြစ်တဲ့ ခရေပန်းလေးတစ်ပွင့်အကြောင်း ပြောပြချင်ပါတယ်။ ခရေပင်တစ်ပင်ဖြစ်ဖို့ နှစ်တွေအတော်ကြာကြီး စောင့်ရပါတယ်။ ဒါပေမယ့် စောင့်ရသည့်တိုင်အောင် သူကအကျိုးပေးတာလည်း စောင့်ရကျိုးနပ်လှပါတယ်။ ခရေပန်းတစ်ပွင့်ရဲ့ရနံ့ဟာ အဝေးကနေထိတိုင်အောင် သူ့ရဲ့မွှေးရနံကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ခရေပန်းလေး အပင်ပေါ်မှာပွင့်နေတာကိုတော့ သေချာကြည့်မှ မြင်ရပါလိမ့်မယ်။ အချိန်တန်လို့အပင်ပေါ်မှာ မနေနိုင်ပဲ ကြွေကျသွားတယ်ထားဦး.. ကြွေကျသွားရင်တောင် အလှမပျက်ပဲ လူတွေက အမြတ်တနိုးကောက်ယူပြီး ဦးခေါင်းပေါ်ပန်ဆင်ကြပြန်ပါတယ်။ အပင်ပေါ်မှာရှိနေတုန်းလည်း တန်ဖိုးရှိသလို ကြွေကျသွားသည့်တိုင်အောင် တန်ဖိုးရှိမြဲရှိနေတဲ့ ပန်းလေးတစ်ပွင့်ပါပဲ။ လောကအတွက်မွှေးရနံ့တွေပေးပြီး ကြွေသွားသည့်တိုင်အောင် အလှဆင်နေပေမယ့်.. သူအလှဆင်နေတာကိုတော့ စက္ကူပန်းလိုမျိုး အဆင်းတွေနဲ့ထင်းနေအောင် မပြပဲ မသိမသာအလှဆင်တတ်တဲ့ ပန်းပွင့်လေးတစ်မျိုးပါပဲ။ ခရေပန်းနဲ့တူတဲ့လူမျိုးတွေဟာ ရှိတော့ရှိတယ်.. ဒါပေမယ့် ရှားတော့ရှားပါလိမ့်မယ်။

စက္ကူပန်းလိုလူမျိုးတွေထက် ခရေပန်းလိုလူမျိုးတွေကို ပိုပြီးတန်ဖိုးထားမိပါတယ်။ ပန်းချင်းတူပေမယ့် အကျိုးပြုပုံခြင်းကတော့ မတူညီပါဘူးနော်။ စက္ကူပန်းတစ်ပွင့်ဟာ အဝေးကနေကြည့်ရင် ထင်းနေအောင် မြင်ရပါတယ်။ ဒါပေမယ့် နီးလေလေ သူ့ရဲ့တန်ဖိုးက လျော့သွားလေလေပါပဲ။ ခရေပန်းလေးတစ်ပွင့်ဟာ အဝေးကနေကြည့်မယ်ဆိုရင် သစ်ခက်သစ်ရွက်တွေနဲ့ရောပြီး အပင်ပေါ်မှာမရှိဘူးလို့တောင် ထင်ရပါတယ်.. ဒါပေမယ့် သူနဲ့အနီးဆုံးကိုရောက်လာလေလေ မွှေးရနံ့ကို ပေးစွမ်းလေလေပါပဲ။ သူ့ကိုမမြင်နေရပေမယ့် အဝေးကနေ သူ့ရဲ့မွှေးရနံ့တွေက သူရှိကြောင်း သက်သေပြနေပါတယ်။ ဒီလိုပန်းနှစ်ပွင့်ရဲ့ ဥပမာလိုပါပဲနော်.. အဝေးကကြည့်ရင် ထင်းနေချင်တယ်ဆိုရင်တော့ တန်ဖိုးမရှိတဲ့ စက္ကူပန်းတစ်ပွင့်ပဲ ဖြစ်ပါလိမ့်မယ်။ အနီးနား ရောက်လေလေ မွှေးရနံ့ကို ပေးစွမ်းနိုင်လေလေ ဖြစ်မှသာ ခရေပန်းတစ်ပွင့်လို လောကကြီးကို သေချာအလှဆင်တဲ့သူမျိုး ဖြစ်ပါလိမ့်မယ်။

အခုလို ခရေပန်းလေးအကြောင်း ပြောမိတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ခရေပန်းတစ်ပွင့်နဲ့ တင်စားပြောဆိုချင်မိပါတယ်..။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ရှိနေစဉ်အခါတုန်းမှာလည်း သတ္တ၀ါတွေအားလုံးအတွက် ကောင်းကျိုးတွေကိုပြုခဲ့သလို.. မရှိတော့တဲ့အခါ ကြွေသွားတဲ့အခါမှာလည်း သတ္တ၀ါတွေအားလုံးအတွက် ကောင်းကျိုးတွေကို ထားပေးခဲ့နိုင်တဲ့ ပန်းတစ်ပွင့်မျိုးပါပဲ။ ဝေနေတော့လည်းမွှေး.. ကြွေသွားတော့လည်းမွှေး.. ခြောက်သွေ့သွားသည့်တိုင်အောင် အမြဲမွှေးပြန့်နေတဲ့ ခရေပန်းတစ်ပွင့်လိုပါပဲ။ ဘုရားရှင်ရဲ့ကျေးဇူးတရားတွေကတော့ နီးကပ်စွာကြည့်နိုင်လေလေ တန်ဖိုးရှိလေလေ ဖြစ်မှာပါ။

ဘုရားကန်တော့ကျိုးထဲမှ ဗျဿနတရား(၅)ပါး

ကျွန်တော်တို့နေ့စဉ် ဘုရားကန်တော့ကျိုးထဲမှာပါရှိတဲ့ ဗျဿနတရား(၅)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ဆိုတာလေးကို အမြဲထည့်ဆိုမိတာ သတိထားမိမယ်ထင်ပါတယ်။ ဗျဿနတရား(၅)ပါးထဲမှာ ပါရှိတဲ့ (၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်းမှ ကင်းလွတ်အောင် ဘယ်လိုပဲ ကြိုးစားကြိုးစား အချိန်တန်ရင်တော့ မလွဲမသွေ ပျက်စီးသွားကြရမှာပါပဲ။ နံပါတ်(၂)ဖြစ်တဲ့ ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်းဆိုတဲ့ ပျက်ဆီးခြင်းဆိုတာလည်း အသက်သေတာနဲ့ အကုန်ထားခဲ့ရမှာပဲ မဟုတ်ပါလား။ နံပါတ်(၃) ဖြစ်တဲ့ ရောဂဗျဿန = အနာရောဂါဖြစ်ခြင်းဆိုတာလည်း အမြဲတမ်း အိုနာသေဘက်ကိုသွားနေတာဆိုတော့ ရှောင်လွှဲလို့မရပြန်ပါဘူး။ ဒီအချက်သုံးချက်ဟာ နေ့တိုင်းဆုတောင်းနေတာပါ.. ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ကင်းလွတ်တာကြာပြီပေါ့။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ ဆုတောင်းနေယုံနဲ့ ဆုတောင်းပြည့်မယ့် ဘာသာမျိုး မဟုတ်ပါဘူး။ ဟိုလူကယ်ပါ ဒီလူကယ်ပါဆိုတာလည်း အယုံကြည်မရှိပါဘူး။ ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ရမယ့်အရာလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဆုံးမဟောပြထားတာပါ။ “အတ္တာဟိ အတ္တနော နာထော” ဆိုတဲ့ ဘုရားစကားကိုတော့ ဘေးနားထားပြီး ကျွန်တော်တို့တွေဟာ ဆုတောင်းယုံသာ ဆုတောင်းကြရင်ဖြင့်.. ဗျဿနတရား(၅)ပါးထဲမှ ကင်းလွတ်ပါရစေဆိုတိုင်း ကင်းလွတ်နိုင်မှာမဟုတ်ပါဘူး။

နောက် ဗျဿနတရား(၅)ပါးထဲမှ နောက်ဆုံး ၂ချက်ဖြစ်တဲ့ (၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်းနဲ့ (၅) သီလဗျဿန = သီလပျက်ခြင်းဆိုတဲ့ ထို(၂)ပါးဆုံးရှုံးရင်တော့ တစ်သံသရာလုံး ခေါင်းမဖော်နိုင်တော့အောင် မှားကြရတော့မှာပါ။ မှားယွင်းသော မိစ္ဆာအယူကိုယူခြင်းဟာ ဒီဘ၀မှာ နည်းကောင်းလမ်းကောင်းနဲ့ ဆရာကောင်းနဲ့တွေ့ရင် အမှန်မြင်နိုင်ပါသေးတယ်။ သီလပျက်ဆီးခြင်း ဖြစ်ပြီဆိုရင်တော့ တသံသရာလုံး ခန္ဓာနဲ့ပြန်လည်ပေးဆပ်ရတော့မှာပါ။ ဒီလိုမျိုး နေ့စဉ်ရှိခိုးနေတဲ့ သြကာသကန်တော့ကျိုးထဲမှ ဗျဿနတရား(၅)ပါးပျက်ဆီးခြင်းမှ ကင်းဝေးရပါလို၏ဆိုတာလေးကို တကယ်ကင်းဝေးချင်တဲ့စိတ်မျိုးလေးနဲ့ ကြိုးစားနေမယ် သီလလုံခြုံနေမယ်ဆိုရင်ကို သံသရာအတွက် မပူရတော့တာဟာ သေချာနေပါတယ်။ ဗုဒ္ဓရဲ့ဝါဒဟာ အပြောသက်သက်နဲ့တင် ရပ်နေရမယ့်ဝါဒမဟုတ်ပါဘူး။ အကောင်းမြင်တဲ့ဝါဒမဟုတ်သလို အဆိုးမြင်ပေးတတ်တဲ့ဝါဒမဟုတ်ပြန်ပါဘူး.. အမှန်မြင်အောင် ဆုံးမပေးတဲ့ဝါဒဖြစ်တဲ့အတွက်.. ကျွန်တော်တို့တွေဟာလည်း အမှန်ကိုအမှန်အတိုင်း လက်ခံနိုင်အောင် ကြိုးစားရပါမယ်။ ဆုတောင်းနေယုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

ဗုဒ္ဓသာသနာဆိုတာ

ဗုဒ္ဓသာသနာဆိုတာ ဗုဒ္ဓရဲ့အဆုံးမကို ခေါ်ပါတယ်။ ဗုဒ္ဓရဲ့သာသနာဟာ သုစရိုက်တွေထုံလွှမ်းတဲ့ မြင့်မြတ်တဲ့လူ့ဘောင်ထူထောင်ဖို့ပါ။ မြင့်မြတ်သည်ထက်မြင့်မြတ်ချင်ရင်ဖြင့် ကိလေသာအာသဝေါတရားတွေ ကုန်ခမ်းပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်သို့တိုင်အောင် တမ်းလှမ်းနိုင်တဲ့ အသိတရားတွေ အကျင့်တရားတွေပါဝင်တဲ့ မြင့်မြတ်တဲ့ဘာသာတရားတစ်ခုပါ။ ဘယ်သူ့ကိုမှ မကောင်းကျိုးတွေဖြစ်စေအောင် မဆုံးမခဲ့သလို.. ဗုဒ္ဓရဲ့တရားတော် ဗုဒ္ဓရဲ့အဆုံးမတွေကြောင့်လည်း ဘယ်သောအခါမှ ဆင်းရဲပူဆွေးရတာတွေ ရောက်ခဲ့ရတာ မရှိခဲ့ပါဘူး။ ဒုစရိုက်ကင်းတဲ့လူ့ဘောင်ဘ၀ကိုထူထောင်ဖို့အတွက် ဗုဒ္ဓရဲ့အဆုံးမတွေ အရှည်တည်တံ့ပါစေခြင်းအလို့ငှာ ရေးသားဖြန့်ဝေပေးလိုက်ပါတယ်။ ခရေပန်းလိုလူတွေများပါစေဆိုတဲ့ ဦးဘုန်း(ဓာတု)ရဲ့ ဟောပြောဆုံးမမှုတွေကိုလည်း ဤနေရာမှနေ၍ ကြည်ညိုလေးစား ကန်တော့လိုက်ရပါတယ်။

5 ဆွေးနွေးအကြံပြုရေးသားရန်...:

ထက်စု said...

ပြေပြစ်နားလည်လွယ်သော အရေးအသားနဲ့ အစမှ အဆုံး စိတ်ဝင်စားဖွယ် ပြန်လည်ဖော်ပြပေးတဲ့ မောင်ကောင်းကို အထူးကျေးဇူးတင်ပါတယ်။

မဖောက်ပြန်သော ကိုယ်ကျင့်တရား
အစွဲမပါသော အမြင်
မကျဉ်းမြောင်းသော အတွေးအခေါ်
မတရားမှုကင်းသော လုပ်ရပ်များနှင့်
ခရေပန်းလို လောကကို အလှဆင်နိုင်ပါလို့...ဆုတောင်းပေးပါတယ်။

February 22, 2011 8:54 AM
flowerpoem said...

ခုလိုပြန်လည်ရေးသား ဖော်ပြပေးတာ ကျေးဇူးပါ ကိုမောင်ကောင်း

February 26, 2011 1:08 AM
flowerpoem said...

ခုလိုပြန်လည်ရေးသား ဖော်ပြပေးတာ ကျေးဇူးပါ ကိုမောင်ကောင်း

February 26, 2011 1:08 AM
Anonymous said...

အသံဖိုင် ဆိုပိုပြီးကောင်းပါယ်၇ှင်.။ကျေးဇူးတင်ပါတယ်

May 27, 2011 2:32 PM
buddha said...

http://messengerforbuddhist.blogspot.com/
is the BEST BLOG. you all should READ and think thoroughly.

June 13, 2011 1:13 AM
 

ရေးခဲ့ပြီးသော ဓမ္မစာပေများ

ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း>>>

ဓမ္မဘလော့များရှိရာသို့>>>

ကျေးဇူးတင်နေမိမှာပါ...

My Photo
ကျွန်တော့်ဆီအလည်တစ်ခေါက်ရောက်ခဲ့လို့.. ဘုရားရှင်ရဲ့အဆုံးအမစကားလေးတစ်ခွန်းလောက် ရင်ထဲမှာထင်ကျန်သွားမယ်ဆိုရင်... စာဖတ်သူကိုကျေးဇူးတင်နေမိမှာပါ...။ ဓမ္မမိတ်ဆွေများအားအစဉ်လေးစားသောအားဖြင့်..။

ပိုစ့်အသစ်တင်တိုင်း မေးလ်ပို့ပေးပါမယ်..

Enter your email address:

Delivered by FeedBurner

ပြောချင်သောစကားလေးများ

အနော်ရထာနှင့် ရှင်အရဟံ

အနော်ရထာနှင့် ရှင်အရဟံ

ရောက်ဖြစ်သော ဓမ္မဘလော့များ

လည်ပတ်ဖြစ်သောဘလော့များ