သူတော်ကောင်းစိတ်ထား

Tuesday, March 1, 2011


သူတော်ကောင်းဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်ကို ပိုစ့်တစ်ခုမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ ဒါပေမယ့်.. တိပိဋကယောဆရာတော်ဘုရားကြီးရဲ့ သူတော်ကောင်းဆောင်ပုဒ်လေး ဖတ်မိပြီး ပိုပြီးပြောချင်တဲ့စကားလေးတွေ ရှိလာတဲ့အတွက် ထပ်မံရေးသားခြင်းဖြစ်ပါတယ်။ သူတော်ကောင်းဆိုတဲ့ စကားလုံးလေးကို လူတွေတော်တော်များများ သုံးကြပါတယ်။ ဒီလူက သူတော်ကောင်းပဲ.. သူတော်ကောင်းပဲနဲ့ ဘာကိုကြည့်ပြီးတော့ သူတော်ကောင်းလို့ ပြောတာလဲဆိုတာလေး စဉ်းစားမိပါတယ်။ လူတစ်ယောက်ကိုကြည့်ပြီး ဘယ်လိုအရည်ချင်းတွေနဲ့ပြည့်စုံတဲ့သူကို သူတော်ကောင်းလို့ ခေါ်တာလဲ..။ အလှူအတမ်းတွေ များများလုပ်တာကို သူတော်ကောင်းလို့ ပြောတာလား.. ဒါမှမဟုတ် တရားရိပ်သာတွေဝင် တရားအလုပ်တွေလုပ်ပြနေတာကို သူတော်ကောင်းလို့ ပြောတာလား..။ ဘယ်လိုအရည်ချင်းတွေနဲ့ ပြည့်စုံတဲ့သူကို သူတော်ကောင်းလို့ ခေါ်တာလဲ။

သူတော်ကောင်းရဲ့ အရည်ချင်းတွေဟာ ဘယ်လိုအရည်ချင်းတွေလဲဆိုတာကိုတော့.. တိပိဋကယောဆရာတော်ဘုရားကြီးရဲ့ သူတော်ကောင်းအဖွင့်စာသားလေးက မြင်သာအောင် မီးမောင်းထိုးပြနေပါတယ်..။

“သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်ကကောင်းပေးရတာဘဲ၊ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ.. သူကတော်တော် မတော်တော် ကိုယ်ကတော်ရမယ်.. သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းရမယ်.. ဒါမှ သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်”
ဆိုတဲ့ဆုံးမစကားလေးပဲ ဖြစ်ပါတယ်။


အင်မတန်မှ နှစ်သက်သဘောကျစရာ ကောင်းလှပါတယ်။ လူအများစုက အပြင်ပန်းပြောပုံဆိုပုံ လုပ်ပုံကိုင်ပုံတွေကြည့်ပြီး အပေါ်ယံအမြင်နဲ့ သူတော်ကောင်းဆိုတာကို ဆုံးဖြတ်ကြတာများပါတယ်။ တကယ်က အတွင်းက အနှစ်သာရကို မြင်အောင်ကြည့်နိုင်မှသာ သူတော်ကောင်းရဲ့တန်ဖိုးကို သိရှိမှာဖြစ်ပါတယ်။ အလှူတမ်းတွေကို လူမြင်ကောင်းအောင်လုပ်ပြပြီး အတွင်းစိတ်ကသူတစ်ပါးကို ပျက်စီးစေချင်တဲ့သူတွေ တပုံကြီး ရှိကြပါတယ်။ ဘယ်လောက်ကြီးပဲ တရားအလုပ်တွေလုပ်နေပါတယ်.. တရားအားထုပ်နေပါတယ်ပြောပြော.. သူတော်မှ ကိုယ်ကောင်းမယ်ဆိုတဲ့စိတ်ဓါတ်မျိုး ရှိနေပြန်ရင်လည်း သူတော်ကောင်းစစ်စစ် မဖြစ်သေးပါဘူး..။ တရားအလုပ်တွေလုပ်တယ်.. တရားအားထုပ်တယ်ဆိုတာကိုက သူတော်ကောင်းဓါတ်ခံတွေများလာဖို့ သူတော်ကောင်းဓါတ်ခံတွေ တိုးလာဖို့အတွက်ဆိုတာလေးကို သဘောပေါက် နားလည်ထားဖို့ လိုအပ်ပါတယ်။ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်လောက်တရားအလုပ်တွေ လုပ်နေပါတယ်လို့ ပြောနေပါစေ.. သူတော်ကောင်းစစ်စစ် မဖြစ်သေးပါဘူး။ သူကတော်တော်မတော်တော် ကိုယ်ကတော်မှကောင်းမှသာ တကယ့်သူတော်ကောင်းတွေ ဖြစ်လာမှာပါ။

ဒီအကြောင်းရာလေးနဲ့ပါတ်သက်လို့ ပြောမိတော့.. ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသဟောကြားခဲ့တဲ့ တရားတော်ထဲက အဖြစ်ပျက်လေးတစ်ခုကို ပြောပြချင်မိပါတယ်။ ရွာတစ်ရွာမှာ အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ သူတော်ကောင်းလို့ နာမည်ကျော်ကြားတဲ့ သူဋ္ဌေးမကြီး တစ်ယောက်ရှိပါတယ်။ သူ့အိမ်မှာလည်း သူ့ကိုအလုပ်ကျွေးပြုနေတဲ့ အခြွေရံတွေများစွာ ရှိတယ်ပေါ့။ ဒီတော့ တစ်နေ့ကျ အိမ်မှာရှိတဲ့ ကျွန်မလေးတစ်ယောက်က.. သူဋ္ဌေးမကြီးဟာ သူတော်ကောင်းမကြီးလို့ နာမည်ကြီးတယ်။ ဒီတော့ ကျွန်မလေးက သူဟာတကယ့်သူတော်ကောင်း ဟုတ်မဟုတ်ဆိုတာကို စမ်းသပ်ချင်မိပါတယ်။ သူနဲ့ဆက်ဆံတဲ့သူတွေ အများစုက သူ့အပေါ်ကောင်းနေလို့.. သူတော်လို့ ကိုယ်ကောင်းနေတဲ့ သူတော်ကောင်းမျိုးလား.. ဒါမှမဟုတ် သူကိုယ်တိုင်ကိုယ်က သူတော်ကောင်းဓါတ်ခံရှိတဲ့အတွက် ဘယ်သူမကောင်းကောင်း သူကကောင်းနေတဲ့ သူတော်ကောင်းလားဆိုတာ သေချာသိချင်တဲ့အတွက် စမ်းသပ်ကြည့်ပါတယ်။ ဒါနဲ့တနေ့တော့ ကျွန်မလေးက အလုပ်မဆင်းပဲ သူ့နေရာမှာ အိပ်နေပါသတဲ့.. ဒါနဲ့သူဋ္ဌေးမကြီးက ဘာလို့အလုပ်မဆင်းတာလဲဆိုပြီး လာမေးပါတယ်..။ ဒါနဲ့ ကျွန်မလေးက ဘာမှမဖြစ်ပါဘူး ဆိုပြီး ပြန်ပြောပါတယ်။ ဒါနဲ့ သူဋ္ဌေးမကြီးလည်း စိတ်ဆိုးမာန်ဆိုးနဲ့ မျက်စောင်းထိုးပြီး ပြန်သွားပါတယ်။

နောက်တနေ့ကျထပ်ပြီး ကျွန်မလေးက အလုပ်မဆင်းပြန်ပါဘူးတဲ့။ ဒါနဲ့ သူဋ္ဌေးမကြီးက ဒုတိယနေ့မှာတော့ ဒီကောင်မတော့ဆိုပြီး အော်ငေါက်ပြီး ပြန်သွားပါတယ်။ တတိယမြောက် အလုပ်မဆင်းတဲ့နေ့မှာတော့ ဘာမှမမေးတော့ပဲ တံခါးမှာချိတ်ထားတဲ့သံချွန်နဲ့ ကျွန်မလေးရဲ့ ခေါင်းကို ပေါက်ထုပြီး စိတ်ဆိုးဆိုးနဲ့ ထွက်သွားပါတော့တယ်။ အဲ့ဒီ့အခါကျမှ ကျွန်မလေးက အော်.. သူဋ္ဌေးမကြီးဟာ ငါကသူ့အပေါ်ကောင်းနေလို့ သူကပြန်ကောင်းနေတဲ့ အမည်ခံသူတော်ကောင်းပဲ.. သူ့ရဲ့ပင်ကိုယ်ဓါတ်ခံက သူတော်ကောင်းဓါတ်ခံအစစ် မဟုတ်ပါလားဆိုတာကို ခွဲခြားပြီး သိသွားပါတော့တယ်တဲ့။ ဖော်ပြပါ အကြောင်းရာထဲက သူဋ္ဌေးမကြီးရဲ့နေရာမှာဆိုလည်း လူအများစုက ဒီလိုပဲလုပ်မိကြမယ် ထင်ပါတယ်။ ငါ့ကိုမလေးစားတာလား.. ငါ့ကိုရွဲ့တာလား ငါ့ကိုပမာမခန့်လုပ်တာလားဆိုပြီး လူအများစုက သူဋ္ဌေးမကြီးလို လုပ်မိကြမှာပါပဲ။ ဒါ့ကြောင့် သူတော်ကောင်းဆိုတဲ့ စကားလုံးလေးဟာ အပြင်ပန်းအနေနဲ့ ပြောလိုက်ရတာ ကြည့်လိုက်ရတာသာ လွယ်ပါတယ်.. တကယ့်အတွင်းထဲမှာရှိနေတဲ့ သူတစ်ပါးရဲ့အတွင်းစိတ် သူတော်ကောင်းဓါတ်ခံကိုတော့ သေချာသိဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။

သူတော်ကောင်းတွေရဲ့ အတွင်းဓါတ်ခံစိတ်ဓါတ်တွေကို ကြည့်ဖို့ခက်ခဲသလို.. သူတော်ကောင်းစစ်စစ်ဖြစ်ဖို့အတွက် ကျင့်ကြံနိုင်ဖို့ဟာလည်း ခက်ခဲပြန်ပါပေတယ်..။ ဒါ့ကြောင့်မလို့လည်း သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ ဆိုတဲ့စကားကို လူတိုင်းနီးပါး သုံးနေကြတာပါ။ သင်မကောင်းလည်း ကျွန်ုပ်ကောင်းမည် ဆိုတဲ့စကားကိုလည်း လူအနည်းစုသုံးကြပါတယ်.. ဒါပေမယ့် တစ်ခါက နှစ်ခါ.. နှစ်ခါကသုံးခါဆိုရင်တော့ မရဘူးဆိုတဲ့သူတွေ ရှိကြပြန်ပါတယ်။ တချို့ဆိုရင်.. သူတစ်ပါးကကောင်းတာတောင် ကိုယ်ကမကောင်းနိုင်တဲ့သူတွေဖြစ်တဲ့အဆင့်ထိ ရှိကြပါတယ်.. ဒါကတော့ သူတော်ကောင်းဆိုတဲ့ စကားလုံးနဲ့ ကြာလေဝေးလေပဲ ဖြစ်နေတော့မှာပါ။ သူဘယ်လိုမကောင်းကောင်း အမြဲတမ်းကောင်းနိုင်မယ့် သူတော်ကောင်းတွေဖြစ်ဖို့အတွက်ကတော့ အမြဲတမ်း သူတော်ကောင်းဖြစ်ချင်တဲ့ စိတ်လေးတွေမွေးပြီး ကျင့်ကြံနိုင်မှသာ ရရှိလာမှာဖြစ်ပါတယ်။

သူတော်ကောင်းဓါတ်ခံအကြောင်းလေး ပြောမိတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ သူတော်ကောင်းဓါတ်ခံအားတွေဟာ ဘယ်လောက်အထိ မြင့်မြတ်တယ်ဆိုတဲ့အကြောင်းလေး ပိုမိုပြီးသိရှိလာရပါတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအပေါ် အမျိုးမျိုး လုပ်ကြံသတ်ဖြတ်တဲ့သူတွေ.. စွပ်စွဲပုတ်ခတ်တဲ့သူတွေ.. မတော်မတရား သတင်းလွှင့်တဲ့သူတွေ များစွာကို ဘုရားရှင်ကိုယ်တော်တိုင် ကြုံတွေ့ခဲ့ရတာပါ။ ဒါတွေကို ဘုရားရှင် ဘယ်လိုရင်ဆိုင်ဖြေရှင်းခဲ့သလဲဆိုတာ အားလုံး သဘောပေါက် နားလည်ပြီး ဖြစ်ပါလိမ့်မယ်။ ဘယ်သူက ဘယ်လောက်မကောင်းတာတွေပြောပြော မကောင်းတာတွေ ပြုမှုနေပါစေ.. ဘယ်သူ့အပေါ်မှ ဘယ်အကြောင်းကြောင်းကြောင့်မှ စိတ်ရှုပ်စိတ်ညစ်သွားခဲ့တာ မရှိခဲ့ပါဘူး။ ဒီအချက်တွေက ဘုရားရှင်ရဲ့ သူတော်ကောင်းစိတ်ဓါတ်တွေ ဘယ်လောက်အထိ မြင့်မြတ်ကြည်ညိုဖို့ ကောင်းတယ်ဆိုတဲ့အကြောင်းကို သက်သေပြနေတာပါပဲ။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ သူကိုယ်တိုင်လည်း သူတော်ကောင်းဖြစ်အောင်ကျင့်ကြံမှုတွေနဲ့ သတ္တ၀ါတွေအားလုံးကို ရှေ့ဆောင်လမ်းပြ လုပ်ဆောင်ပြခဲ့သလို.. သတ္တ၀ါတွေအားလုံးကိုပါ သူ့လိုဖြစ်စေချင်တဲ့စိတ်ထားတွေနဲ့ မြင့်မြတ်သူတွေရဲ့ စိတ်ထားတွေကို လမ်းပြပေးခဲ့တာပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ မေတ္တာတရားတွေကို တန်ဖိုးထားတယ်ဆိုရင်ဖြင့် ဘုရားရှင်ရဲ့ အဆုံးမအတိုင်း လိုက်နာကျင့်သုံးသင့်လှပါတယ်။

ကျွန်တော်တို့တွေဟာ ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက် ဘုရားရဟန္တာအရှင်သူမြတ်တွေလောက်တော့ သူတော်ကောင်းဓါတ်ခံတွေပြည့်ဝနေမှာ မဟုတ်သေးပါဘူး။ ဒါပေမယ့် ရရှိလာတဲ့ဘ၀ ရရှိလာတဲ့အချိန် အခိုက်တန့်လေးမှာ သူတော်ကောင်းဓါတ်ခံစိတ်ဓါတ်ဆိုတာလေး နားလည်းသဘောပေါက်ပြီး သူတော်ကောင်းဖြစ်ချင်တဲ့စိတ်လေးတွေ တတ်နိုင်သမျှ အမြဲမွေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း ဘုရားရှင်သာဓုခေါ်တဲ့ သူတော်ကောင်းစစ်စစ်ဘ၀ကို ရရှိလာမှာဖြစ်ပါတယ်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဟောပြဆုံးမသလိုဆိုရင်ဖြင့်.. “လူဆိုတာ မိမိကိုယ်ကို အချိန်တိုင်းမှာ ကောင်းသထက် ကောင်းအောင်ပြုပြင်နေရမယ်.. ဘယ်အချိန်ထိ ပြုပြင်နေရမလဲဆိုလျှင် သေသည့်အချိန်ထိ ပြုပြင်နေရမှာပဲ” ဆိုတဲ့ဆုံးမစကားလေး အတိုင်းပါပဲ.. ဒီစကားလေးကို နှလုံးသွင်းရင်းဖြင့် အချိန်တိုင်းအချိန်တိုင်းမှာ သူကတော်တော်မတော်တော် သူကကောင်းကောင်း မကောင်းကောင်း.. ကိုယ်က တော်နိုင် ကောင်းနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ သူတော်ကောင်းစိတ်ဓါတ်လေးတွေ အစဉ်အမြဲ မွေးမြူနိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်းဖြင့်..။

ခရေပန်းလိုလူတွေများပါစေ(၄) (သို့) ပန်းတစ်ပွင့်ရဲ့တန်ဖိုး

Monday, February 21, 2011


ပန်းတစ်ပွင့်ရဲ့တန်ဖိုး

ပန်းပွင့်တော်တော်များများကို လူတွေတွေ့ဖူးကြပါလိမ့်မယ်။ ပန်းတွေဟာ သူတို့ရဲ့ကိုယ်စီအလှတွေနဲ့ လောကကြီးကို အလှတွေဆင်ပေးနေကြပါတယ်။ ပန်းလို့နာမည်ချင်းတူတာတောင်မှ ပန်းပွင့်တစ်ခုခြင်းစီရဲ့ အလှအပတွေ တန်ဖိုးတွေကတော့ ကွာခြားနေပါတယ်။ အချို့ပန်းတွေက အရောင်အဆင်းက အင်မတန်လှသလို မွှေးပြန့်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ တချို့ပန်းတွေကျတော့ အရောင်အဆင်းက အင်မတန်လှပပေမယ့်.. မွှေးပြန့်မှုကိုတော့ မပေးစွမ်းနိုင်ကြပါဘူး။ နောက်ပန်းတစ်မျိုးကတော့ အရောင်အဆင်းမရှိသည့်တိုင်အောင် မွှေးပြန့်မှုလည်း မပေးစွမ်းနိုင်တဲ့ ပန်းတစ်မျိုးပါပဲ။ ဒီလိုပန်းပွင့်လေးတွေအကြောင်း ပြောမိတော့ ဆရာတော်တစ်ပါး ဟောပြဆုံးမတဲ့ အဆုံးမစကားလေးတစ်ခု နားထဲကကြားယောင်မိပါတယ်။ “အသိဥာဏ်မရှိတဲ့ ပန်းပွင့်လေးတွေတောင် သူတို့ရဲ့အလှပတွေနဲ့ သဘာဝတရားကြီးကို အကျည်းတန်မသွားစေပဲ လှပစေနိုင်အောင် အလှဆင်နေကြတယ်ဆိုရင်.. အသိဥာဏ်ရှိတဲ့လူသားတွေအနေနဲ့ဆိုရင်တော့ လောကကြီးအတွက် ပန်းတွေထက်ပိုပြီး အလှဆင်နိုင်သင့်တာပေါ့” ဆိုတဲ့ ဆုံးမစကားလေးပါ။

ပန်းတွေအမျိုးမျိုးရှိသလို ပန်းတွေနဲ့တူတဲ့လူတွေလည်း အမျိုးမျိုးရှိကြပါတယ်။ အချို့လူတွေက စက္ကူပန်းတစ်ပွင့်လိုပဲ.. ပန်းလို့သာနာမည်ရပြီး ပန်းတစ်ပွင့်ရဲ့အဆင်းနဲ့အချင်းကို မပေးစွမ်းနိုင်တဲ့ စက္ကူပန်းတစ်ပွင့်လို လူမျိုးတွေပါ။ စက္ကူပန်းလိုလူမျိုးတွေ လောကကြီးမှာ အများကြီးပါပဲ။ ကိုယ့်အကျိုးစီးပွားအတွက်မလုပ်တဲ့အပြင် လောကအတွက် အများအတွက်ဆိုတာကို ခေါင်းထဲ မထည့်တဲ့လူမျိုးတွေပါ။ ဒီလိုလူမျိုးတွေကို စက္ကူပန်းတစ်ပွင့်လို ဘယ်သူကမှတန်ဖိုးမထားကြပါဘူး။

ပန်းလို့နာမည်ချင်းတူပေမယ့် စက္ကူပန်းနဲ့မတူပဲ တန်ဖိုးထားသင့်တဲ့ ပန်းပွင့်တွေများစွာရှိပါတယ်.. ထိုများစွာထဲမှ အဆင်းရော အချင်းရောပေးနိုင်တဲ့အပြင် ကြွေသွားသည့်တိုင်အောင် လောကကြီးကို အလှဆင်နိုင်တဲ့ပန်းပွင့်ဖြစ်တဲ့ ခရေပန်းလေးတစ်ပွင့်အကြောင်း ပြောပြချင်ပါတယ်။ ခရေပင်တစ်ပင်ဖြစ်ဖို့ နှစ်တွေအတော်ကြာကြီး စောင့်ရပါတယ်။ ဒါပေမယ့် စောင့်ရသည့်တိုင်အောင် သူကအကျိုးပေးတာလည်း စောင့်ရကျိုးနပ်လှပါတယ်။ ခရေပန်းတစ်ပွင့်ရဲ့ရနံ့ဟာ အဝေးကနေထိတိုင်အောင် သူ့ရဲ့မွှေးရနံကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ခရေပန်းလေး အပင်ပေါ်မှာပွင့်နေတာကိုတော့ သေချာကြည့်မှ မြင်ရပါလိမ့်မယ်။ အချိန်တန်လို့အပင်ပေါ်မှာ မနေနိုင်ပဲ ကြွေကျသွားတယ်ထားဦး.. ကြွေကျသွားရင်တောင် အလှမပျက်ပဲ လူတွေက အမြတ်တနိုးကောက်ယူပြီး ဦးခေါင်းပေါ်ပန်ဆင်ကြပြန်ပါတယ်။ အပင်ပေါ်မှာရှိနေတုန်းလည်း တန်ဖိုးရှိသလို ကြွေကျသွားသည့်တိုင်အောင် တန်ဖိုးရှိမြဲရှိနေတဲ့ ပန်းလေးတစ်ပွင့်ပါပဲ။ လောကအတွက်မွှေးရနံ့တွေပေးပြီး ကြွေသွားသည့်တိုင်အောင် အလှဆင်နေပေမယ့်.. သူအလှဆင်နေတာကိုတော့ စက္ကူပန်းလိုမျိုး အဆင်းတွေနဲ့ထင်းနေအောင် မပြပဲ မသိမသာအလှဆင်တတ်တဲ့ ပန်းပွင့်လေးတစ်မျိုးပါပဲ။ ခရေပန်းနဲ့တူတဲ့လူမျိုးတွေဟာ ရှိတော့ရှိတယ်.. ဒါပေမယ့် ရှားတော့ရှားပါလိမ့်မယ်။

စက္ကူပန်းလိုလူမျိုးတွေထက် ခရေပန်းလိုလူမျိုးတွေကို ပိုပြီးတန်ဖိုးထားမိပါတယ်။ ပန်းချင်းတူပေမယ့် အကျိုးပြုပုံခြင်းကတော့ မတူညီပါဘူးနော်။ စက္ကူပန်းတစ်ပွင့်ဟာ အဝေးကနေကြည့်ရင် ထင်းနေအောင် မြင်ရပါတယ်။ ဒါပေမယ့် နီးလေလေ သူ့ရဲ့တန်ဖိုးက လျော့သွားလေလေပါပဲ။ ခရေပန်းလေးတစ်ပွင့်ဟာ အဝေးကနေကြည့်မယ်ဆိုရင် သစ်ခက်သစ်ရွက်တွေနဲ့ရောပြီး အပင်ပေါ်မှာမရှိဘူးလို့တောင် ထင်ရပါတယ်.. ဒါပေမယ့် သူနဲ့အနီးဆုံးကိုရောက်လာလေလေ မွှေးရနံ့ကို ပေးစွမ်းလေလေပါပဲ။ သူ့ကိုမမြင်နေရပေမယ့် အဝေးကနေ သူ့ရဲ့မွှေးရနံ့တွေက သူရှိကြောင်း သက်သေပြနေပါတယ်။ ဒီလိုပန်းနှစ်ပွင့်ရဲ့ ဥပမာလိုပါပဲနော်.. အဝေးကကြည့်ရင် ထင်းနေချင်တယ်ဆိုရင်တော့ တန်ဖိုးမရှိတဲ့ စက္ကူပန်းတစ်ပွင့်ပဲ ဖြစ်ပါလိမ့်မယ်။ အနီးနား ရောက်လေလေ မွှေးရနံ့ကို ပေးစွမ်းနိုင်လေလေ ဖြစ်မှသာ ခရေပန်းတစ်ပွင့်လို လောကကြီးကို သေချာအလှဆင်တဲ့သူမျိုး ဖြစ်ပါလိမ့်မယ်။

အခုလို ခရေပန်းလေးအကြောင်း ပြောမိတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ခရေပန်းတစ်ပွင့်နဲ့ တင်စားပြောဆိုချင်မိပါတယ်..။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ရှိနေစဉ်အခါတုန်းမှာလည်း သတ္တ၀ါတွေအားလုံးအတွက် ကောင်းကျိုးတွေကိုပြုခဲ့သလို.. မရှိတော့တဲ့အခါ ကြွေသွားတဲ့အခါမှာလည်း သတ္တ၀ါတွေအားလုံးအတွက် ကောင်းကျိုးတွေကို ထားပေးခဲ့နိုင်တဲ့ ပန်းတစ်ပွင့်မျိုးပါပဲ။ ဝေနေတော့လည်းမွှေး.. ကြွေသွားတော့လည်းမွှေး.. ခြောက်သွေ့သွားသည့်တိုင်အောင် အမြဲမွှေးပြန့်နေတဲ့ ခရေပန်းတစ်ပွင့်လိုပါပဲ။ ဘုရားရှင်ရဲ့ကျေးဇူးတရားတွေကတော့ နီးကပ်စွာကြည့်နိုင်လေလေ တန်ဖိုးရှိလေလေ ဖြစ်မှာပါ။

ဘုရားကန်တော့ကျိုးထဲမှ ဗျဿနတရား(၅)ပါး

ကျွန်တော်တို့နေ့စဉ် ဘုရားကန်တော့ကျိုးထဲမှာပါရှိတဲ့ ဗျဿနတရား(၅)ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ ဆိုတာလေးကို အမြဲထည့်ဆိုမိတာ သတိထားမိမယ်ထင်ပါတယ်။ ဗျဿနတရား(၅)ပါးထဲမှာ ပါရှိတဲ့ (၁) ဉာတိဗျဿန = ဆွေမျိုးပျက်စီးခြင်းမှ ကင်းလွတ်အောင် ဘယ်လိုပဲ ကြိုးစားကြိုးစား အချိန်တန်ရင်တော့ မလွဲမသွေ ပျက်စီးသွားကြရမှာပါပဲ။ နံပါတ်(၂)ဖြစ်တဲ့ ဘောဂဗျဿန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်းဆိုတဲ့ ပျက်ဆီးခြင်းဆိုတာလည်း အသက်သေတာနဲ့ အကုန်ထားခဲ့ရမှာပဲ မဟုတ်ပါလား။ နံပါတ်(၃) ဖြစ်တဲ့ ရောဂဗျဿန = အနာရောဂါဖြစ်ခြင်းဆိုတာလည်း အမြဲတမ်း အိုနာသေဘက်ကိုသွားနေတာဆိုတော့ ရှောင်လွှဲလို့မရပြန်ပါဘူး။ ဒီအချက်သုံးချက်ဟာ နေ့တိုင်းဆုတောင်းနေတာပါ.. ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ကင်းလွတ်တာကြာပြီပေါ့။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဟာ ဆုတောင်းနေယုံနဲ့ ဆုတောင်းပြည့်မယ့် ဘာသာမျိုး မဟုတ်ပါဘူး။ ဟိုလူကယ်ပါ ဒီလူကယ်ပါဆိုတာလည်း အယုံကြည်မရှိပါဘူး။ ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ရမယ့်အရာလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဆုံးမဟောပြထားတာပါ။ “အတ္တာဟိ အတ္တနော နာထော” ဆိုတဲ့ ဘုရားစကားကိုတော့ ဘေးနားထားပြီး ကျွန်တော်တို့တွေဟာ ဆုတောင်းယုံသာ ဆုတောင်းကြရင်ဖြင့်.. ဗျဿနတရား(၅)ပါးထဲမှ ကင်းလွတ်ပါရစေဆိုတိုင်း ကင်းလွတ်နိုင်မှာမဟုတ်ပါဘူး။

နောက် ဗျဿနတရား(၅)ပါးထဲမှ နောက်ဆုံး ၂ချက်ဖြစ်တဲ့ (၄) ဒိဋ္ဌိဗျဿန = မှားယွင်းသော မိစ္ဆာအယူကိုယူခြင်းနဲ့ (၅) သီလဗျဿန = သီလပျက်ခြင်းဆိုတဲ့ ထို(၂)ပါးဆုံးရှုံးရင်တော့ တစ်သံသရာလုံး ခေါင်းမဖော်နိုင်တော့အောင် မှားကြရတော့မှာပါ။ မှားယွင်းသော မိစ္ဆာအယူကိုယူခြင်းဟာ ဒီဘ၀မှာ နည်းကောင်းလမ်းကောင်းနဲ့ ဆရာကောင်းနဲ့တွေ့ရင် အမှန်မြင်နိုင်ပါသေးတယ်။ သီလပျက်ဆီးခြင်း ဖြစ်ပြီဆိုရင်တော့ တသံသရာလုံး ခန္ဓာနဲ့ပြန်လည်ပေးဆပ်ရတော့မှာပါ။ ဒီလိုမျိုး နေ့စဉ်ရှိခိုးနေတဲ့ သြကာသကန်တော့ကျိုးထဲမှ ဗျဿနတရား(၅)ပါးပျက်ဆီးခြင်းမှ ကင်းဝေးရပါလို၏ဆိုတာလေးကို တကယ်ကင်းဝေးချင်တဲ့စိတ်မျိုးလေးနဲ့ ကြိုးစားနေမယ် သီလလုံခြုံနေမယ်ဆိုရင်ကို သံသရာအတွက် မပူရတော့တာဟာ သေချာနေပါတယ်။ ဗုဒ္ဓရဲ့ဝါဒဟာ အပြောသက်သက်နဲ့တင် ရပ်နေရမယ့်ဝါဒမဟုတ်ပါဘူး။ အကောင်းမြင်တဲ့ဝါဒမဟုတ်သလို အဆိုးမြင်ပေးတတ်တဲ့ဝါဒမဟုတ်ပြန်ပါဘူး.. အမှန်မြင်အောင် ဆုံးမပေးတဲ့ဝါဒဖြစ်တဲ့အတွက်.. ကျွန်တော်တို့တွေဟာလည်း အမှန်ကိုအမှန်အတိုင်း လက်ခံနိုင်အောင် ကြိုးစားရပါမယ်။ ဆုတောင်းနေယုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

ဗုဒ္ဓသာသနာဆိုတာ

ဗုဒ္ဓသာသနာဆိုတာ ဗုဒ္ဓရဲ့အဆုံးမကို ခေါ်ပါတယ်။ ဗုဒ္ဓရဲ့သာသနာဟာ သုစရိုက်တွေထုံလွှမ်းတဲ့ မြင့်မြတ်တဲ့လူ့ဘောင်ထူထောင်ဖို့ပါ။ မြင့်မြတ်သည်ထက်မြင့်မြတ်ချင်ရင်ဖြင့် ကိလေသာအာသဝေါတရားတွေ ကုန်ခမ်းပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်သို့တိုင်အောင် တမ်းလှမ်းနိုင်တဲ့ အသိတရားတွေ အကျင့်တရားတွေပါဝင်တဲ့ မြင့်မြတ်တဲ့ဘာသာတရားတစ်ခုပါ။ ဘယ်သူ့ကိုမှ မကောင်းကျိုးတွေဖြစ်စေအောင် မဆုံးမခဲ့သလို.. ဗုဒ္ဓရဲ့တရားတော် ဗုဒ္ဓရဲ့အဆုံးမတွေကြောင့်လည်း ဘယ်သောအခါမှ ဆင်းရဲပူဆွေးရတာတွေ ရောက်ခဲ့ရတာ မရှိခဲ့ပါဘူး။ ဒုစရိုက်ကင်းတဲ့လူ့ဘောင်ဘ၀ကိုထူထောင်ဖို့အတွက် ဗုဒ္ဓရဲ့အဆုံးမတွေ အရှည်တည်တံ့ပါစေခြင်းအလို့ငှာ ရေးသားဖြန့်ဝေပေးလိုက်ပါတယ်။ ခရေပန်းလိုလူတွေများပါစေဆိုတဲ့ ဦးဘုန်း(ဓာတု)ရဲ့ ဟောပြောဆုံးမမှုတွေကိုလည်း ဤနေရာမှနေ၍ ကြည်ညိုလေးစား ကန်တော့လိုက်ရပါတယ်။

ခရေပန်းလိုလူတွေများပါစေ (၃) (သို့) Lost value and living value

Sunday, February 13, 2011



လူတစ်ယောက်သေသွားရင် ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်။ ဒီလိုဆုံးရှုံးမှုမျိုးဟာ အဆင့်လိုက် ရှိပါတယ်။ နံပါတ်(၁)အနေနဲ့ (Personal lost) ဆိုတဲ့ကိုယ်ပိုင်ဆုံးရှုံးမှု ဆိုတာပါပဲ။ လူတစ်ယောက်အနေနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့သူတစ်ယောက် သေဆုံးသွားခဲ့ရင် သက်ဆိုင်သူနဲ့ပါတ်သက်တဲ့သူသာ သူ့အတွက် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ရပါတယ်။ ဥပမာ.. ကိုယ့်ချစ်တဲ့သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားရင် ကိုယ့်အတွက်တော့ သူဟာ ကိုယ်ပိုင်ဆုံးရှုံးမှုတစ်ရပ်ပေါ့။ ကိုယ်ကသာမျက်ရည်ကျချင်ကျပေမယ့် တခြား သူနဲ့မဆိုင်တဲ့သူတွေ မသိတဲ့သူတွေကတော့ သူ့အတွက်ဘယ်လိုမှ မျက်ရည်မကျနိုင်ပါဘူး။ မျက်ရည်မကျ ကျအောင် ညှစ်ထုပ်ခိုင်းလည်း မျက်ရည်မကျနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ သူနဲ့မှမဆိုင် သူနဲ့မှမသိပဲကို..။ ဒီသူငယ်ချင်းရဲ့ ဆုံးရှုံးမှုဟာ ကိုယ်နဲ့သာသက်ဆိုင်ပြီး ကိုယ်နဲ့သူနဲ့ကြားမှာရှိခဲ့တဲ့ ကျေးဇူးတရားတွေ မေတ္တတရားတွေနဲ့အတူ သူငယ်ချင်းဆိုတဲ့သံယောဇဉ်တွေ ရှိခဲ့တဲ့အတွက် ကိုယ့်အနေနဲ့သာ ပူဆွေးသောကရောက်ရတာပါ။ ဒါကတော့ သက်ဆိုင်တဲ့သူတွေ တစ်ဦးတစ်ယောက်အနေနဲ့ ဆုံးရှုံးမှုဖြစ်တဲ့ (Personal lost) ဆိုတဲ့ ကိုယ်ပိုင်ဆုံးရှုံးမှု ဆိုတာပါပဲ။

နောက် နံပါတ်(၂)အနေနဲ့ကတော့ (Family lost) ဆိုတဲ့ မိသားစုတစ်ရပ်အတွက် ဆုံးရှုံးမှုပါ။ အိမ်တစ်အိမ်မှာ မိသားစုတစ်ယောက်ထဲက တစ်ယောက်ယောက်သေဆုံးသွားခဲ့ရင် မိသားစုတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။ ကိုယ့်မိသားစုထဲကတစ်ယောက်ယောက်သေဆုံးသွားလို့ တခြားမိသားစုက ဘယ်သူမှ လာမငိုနိုင်ပါဘူး။ ကိုယ့်မိသားစုထဲကတစ်ယောက်သေဆုံးသွားရင် ကိုယ့်မိသားစုပဲ ငိုကြွေးကြပါတယ်။ ဒါဟာ ဘာလို့လည်းဆိုတော့ မိသားစုထဲကလူတွေဟာ ကိုယ့်မိသားစုကောင်းစားဖို့ဆိုပြီး ကိုယ့်မိသားစုကိုပဲ ပံ့ပိုးအကျိုးပြုခဲ့တဲ့အတွက် ကိုယ့်မိသားစုနဲ့သက်ဆိုင်တဲ့သူတွေဟာ မိသားစုရဲ့ဆုံးရှုံးမှုတစ်ရပ်အဖြစ် ငိုကြွေးကြပြီး ဆုံးရှုံးမှုဆိုတာကို အသိမှတ်ပြုကြမှာပါ။


နောက်တစ်ခုအနေနဲ့ကတော့ (Culture lost) ဆိုတဲ့ ယဉ်ကျေးမှုတစ်ရပ်ဆုံးရှုံးမှုပါ။ လူထုကချစ်တဲ့ ပြည်သူကချစ်တဲ့ အနုပညာရှင်တွေ ၀ါသနာရှင်တွေ ဆုံးရှုံးသွားရင် ယဉ်ကျေးမှုတစ်ရပ်ဆုံးရှုံးသွားတာနဲ့ တူပါတယ်။ ပြည်သူချစ်တဲ့ ရုပ်ရှင်သရုပ်ဆောင်တွေသေဆုံးသွားရင် သူ့ရဲ့အနုပညာကိုချစ်မြတ်နိုးတဲ့ ပြည်သူတွေအတွက်တော့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ရတာပါပဲ။ သူသာရှိသေးရင် ရုပ်ရှင်တွေကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နေအုံးမှာ.. သူသာရှိသေးရင် သီချင်းတွေဆက်ရေးနေအုံးမှာ.. သူသာရှိသေးရင် စာအုပ်တွေဆက်ရေးနေအုံးမှာပဲဆိုတဲ့.. တမ်းတမှုတွေနဲ့ လူအများစုက သူတို့အတွက်တော့ ငိုကြွေးကြရမှာပါပဲ။ ဒါလည်း ယဉ်ကျေးမှုတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုဖြစ်တဲ့အတွက် (Personal lost) တို့ (Family lost) တို့ထက်တော့ ပိုပြီး တန်ဖိုးရှိတဲ့ ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါတယ်။


ဒီဆုံးရှုံးမှုသုံးခုထက်ပိုပြီး မြင့်မြတ်တဲ့ဆုံးရှုံးမှုကတော့ (National lost) ဆိုတဲ့ အမျိုးသားတစ်ရပ်အနေနဲ့ နိုင်ငံတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အိန္ဒိယနိုင်ငံရဲ့ မဟတ္တမဂန္ဓီရဲ့ဆုံးရှုံးမှုဟာ အိန္ဒိယနိုင်ငံအတွက်တော့ အမျိုးသားရေးတစ်ရပ် နိုင်ငံတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုပါ။ အိန္ဒိယနိုင်ငံကလူတွေကလွဲပြီး တခြားနိုင်ငံကလူတွေအနေဖြင့် အသိမှတ်ပြုချင်မှ ၀မ်းနည်းချင်မှ ၀မ်းနည်းကြပါလိမ့်မယ်။ အိန္ဒိယနိုင်ငံမှာလိုပဲ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆုံးရှုံးမှုဟာလည်း နိုင်ငံတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုပါပဲ။ နိုင်ငံတစ်ရပ်အနေနဲ့ ဘာလို့ဆုံးရှုံးရလဲဆိုတော့.. နိုင်ငံအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး သူ့ကျွန်ဘ၀ကလွတ်မြောက်အောင် လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့တဲ့အတွက် သူ့ရဲ့ဆုံးရှုံးမှုဟာ နိုင်ငံတစ်ရပ်လုံးနဲ့ သက်ဆိုင်နေတာပါ။ ကိုယ့်အကျိုးကိုမကြည့်ပဲ အများအကျိုးကို စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့တဲ့အတွက်.. သူသေဆုံးခဲ့တဲ့အခါမှာလည်း အများကလွမ်းဆွတ်တမ်းတနေရတာဟာ သဘာဝကျလှပါတယ်။ ဘာမှအမျိုးမတော် သွေးမတော်သားမစပ်ပဲ ငိုကျွေးရတာဟာ သူ့အကျိုးကို မကြည့်ဘဲ အများအကျိုးကိုကြည့်တဲ့ သူ့ရဲ့စိတ်ဓါတ်မြင့်မားမှုတွေကို တန်ဖိုးထားမှုတွေကြောင့်ပါပဲ..။


ဒီနေ့ဟာလည်း ဗိုလ်ချုပ်ရဲ့ မွေးနေ့ဖြစ်တဲ့ ဖေဖော်ဝါရီ(၁၃)ရက်နဲ့ တိုက်ဆိုင်နေတာမို့ ဗိုလ်ချုပ်ရဲ့ ဆုံးရှုံးမှုကို နိုင်ငံတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုဖြစ်တယ်ဆိုတာကို ခံစားမိလို့ရပါတယ်။ ဗိုလ်ချုပ်ကို ကိုယ်တိုင်မတွေ့ဘူးခဲ့ပေမယ့်.. သူ့ရဲ့လုပ်ဆောင်ချက်တွေ သူ့ရဲ့စိတ်ထားတွေကတော့ သူသေဆုံးသွားခဲ့ပြီးတာတောင် ယနေ့တိုင် နာမည်ကတော့ ကျန်ရှိနေပါသေးတယ်။ ယနေ့တိုင်မဟုတ်ပါဘူး..။ မြန်မာဆိုတဲ့စကားလုံး ဗမာဆိုတဲ့သွေးရှိနေသ၍ ဗိုလ်ချုပ်ရဲ့နာမည်ဟာလည်း မြန်မာလူမျိုးတိုင်းရဲ့ နှလုံးသားထဲမှာ စွဲထင်နေအုံးမှာပါ..။ ဒါကတော့ အများအကျိုး နိုင်ငံအကျိုးကို ကိုယ်ကျိုးစွန့်အနစ်နဲ့ခံပြီး လုပ်ခဲ့တဲ့သူတွေရဲ့ ဆုံးရှုံးမှုဖြစ်တဲ့ (National lost) ဆိုတာပါပဲ။ နိုင်ငံတစ်ရပ်အနေဖြင့် လူမျိုးတစ်မျိုးအနေဖြင့် ဆုံးရှုံးတဲ့ ဆုံးရှုံးမှုပေါ့။


ဆုံးရှုံးမှုတွေအားလုံးရဲ့ အကြီးမားဆုံးသောဆုံးရှုံးမှုဆိုတာကတော့ (Universal lost) ဆိုတဲ့ စကြာဝဋ္ဌာတိုက်တစ်သောင်းမှာရှိတဲ့ သတ္တ၀ါအားလုံးအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို ဆုံးရှုံးရတဲ့ ဆုံးရှုံးမှုပါပဲ။ တကယ်လို့ သိဒ္ဓတ္ထမင်းသားဟာ ဘုရားမဖြစ်ခဲ့ဘူးဆိုရင် ယသောဓရာပိုင်ဖြစ်တဲ့ လင်ယောက်ျားတစ်ယောက် ဆုံးရှုံးမှုဖြစ်နိုင်သလို.. သုဒ္ဓေါနမင်းပိုင်ဖြစ်တဲ့အတွက် သားတစ်ယောက်ဆုံးရှုံး မှုသာဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ဘုရင်ဖြစ်သွားမယ်ဆိုရင်တော့ သူ့နိုင်ငံကပိုင်တဲ့အတွက် နိုင်ငံတစ်ရပ်အနေနဲ့ ဆုံးရှုံးမှုတစ်ရပ်သာ ဖြစ်စေနိုင်ပါတယ်။ ဘုရားမဖြစ်ပဲ မိမိအရေး မိသားစုအရေး နိုင်ငံအရေးသားလုပ်နေမယ်ဆိုရင်ဖြင့် စကြာဝဋ္ဌာတိုက်တစ်သောင်းရဲ့ဆုံးရှုံးမှုတစ်ရပ်အဖြစ် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။


ဒါပေမယ့် သတ္တ၀ါအားလုံးမှီခိုအားထားရာ ဘုရားရှင်ဖြစ်သွားခဲ့တဲ့အချိန်မှာတော့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သတ္တ၀ါအားလုံးပိုင်ဆိုင်တဲ့ ဘုရားရှင် ဖြစ်သွားပါပြီ။ သတ္တ၀ါတွေအားလုံးအတွက် (၄၅)၀ါပတ်လုံး အိုးအိမ်အတည်တကျမရှိပဲနဲ့ တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးပြီး ကိလေသာအပူမီးတွေကို ငြိမ်းပေးခဲ့အတွက် ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သတ္တ၀ါအားလုံးနဲ့သက်ဆိုင်တဲ့သူ ဖြစ်သွားတာပါ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ သတ္တ၀ါအားလုံးအပေါ်တွင် သားတော်ရာဟုလာအလား မေတ္တာတရားကို တပြေးညီထားပေးခဲ့ပြီး သတ္တ၀ါအားလုံးအတွက် ဥာဏ်မျက်စိအလင်းရောင်တွေကို ဖွင့်ပေးခဲ့သူပါ။ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက်မဟုတ်သလို ဗုဒ္ဓဘာဝင်လူဦးရေများဖို့ ဗုဒ္ဓ၀ါဒထွန်းကားဖို့ဆိုတဲ့ စိတ်တွေနဲ့မလုပ်ခဲ့ပဲ သတ္တ၀ါအားလုံး အေးချမ်းဖို့အရေးကိုသာ ရှေးရှုပြီး လုပ်ဆောင်ခဲ့အတွက်.. ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဆုံးရှုံးမှုဟာ သတ္တ၀ါအားလုံးအတွက် ဆုံးရှုံးမှုဖြစ်တဲ့ (Universal lost) ဆိုတဲ့ စကြာဝဋ္ဌာတိုက်တစ်သောင်းရဲ့ ဆုံးရှုံးမှုတစ်ရပ်ပါပဲ။


လူသားတိုင်းလူသားတိုင်းအတွက်ဆုံးရှုံးမှုဟာ အထက်ဖော်ပြပါ ငါးချက်ထဲက တစ်ချက်ချက်မှာတော့ ပါဝင်နေမှာပါ။ အထက်ဖော်ပြပါငါးချက်ရဲ့ အစဉ်လိုက်ဆုံးရှုံးမှုတန်ဖိုးတွေဟာ အစဉ်လိုက်အနေဖြင့် တန်ဖိုးမြင့်မြတ်နေတာပါပဲ။ လူတစ်ယောက်ရဲ့ ဆုံးရှုံးမှုတန်ဖိုးဟာ ထိုလူနေထိုင်စဉ်အတွင်းမှာ အများအတွက် ဘယ်လိုအကျိုးများစေတဲ့အလုပ်တွေကို လုပ်ဆောင်သွားလဲဆိုတဲ့ တိုင်းတာမှုနဲ့ တိုင်းတာမှသာ နေထိုင်စဉ်တန်ဖိုးတွေဟာ သေဆုံးခဲ့သည်တိုင် တန်ဖိုးရှိနေမှာပါ။ ဒီလိုမှမဟုတ်ပဲ.. ကိုယ်က တစ်ဦးတစ်ယောက်ထဲ ကောင်းစားဖို့လုပ်ခဲ့မယ်ဆိုရင် ကိုယ်သေတဲ့အခါမှာ ကိုယ့်ရဲ့ဆုံးရှုံးမှုဟာ ကိုယ်နဲ့သက်ဆိုင်တဲ့သူတွေအတွက်ပဲ ဆုံးရှုံးမှုဖြစ်ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ပဲ မိသားစုတစ်ရပ်အတွက် လုပ်ခဲ့မယ်ဆိုရင်တော့ မိသားစုတစ်ရပ်အတွက် ဆုံးရှုံးမှုမှတစ်ပါး အခြားမိသားစုတွေအတွက်တော့ မျက်ရည်မကျနိုင်ပါဘူး။ ဒီလိုမှမဟုတ်ပဲ ပြည်သူချစ်တဲ့ အနုပညာရှင် အတတ်ပညာရှင်တစ်ဦးဦးဖြစ်ခဲ့မယ်ဆိုရင်ဖြင့် ကိုယ့်ကိုချစ်တဲ့ပြည်သူတွေများရင်များသလို ဆုံးရှုံးမှု တန်ဖိုးထားမှုဟာလည်း အနည်းနဲ့အများတော့ ကွာသွားဦးမှာပါပဲ။ နောက်တစ်ခုအနေဖြင့် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးအတွက် အကျိုးပြုလုပ်ငန်းတွေ လုပ်ခဲ့မယ်ဆိုရင်လည်း နိုင်ငံနဲ့လူမျိုးအတွက်တော့ ကိုယ့်ရဲ့ဆုံးရှုံးမှုဟာ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုးစာလောက်တော့ တန်ဖိုးထားမှုတွေဟာ မြင့်မြတ်နေမှာပါ။


နောက်ဆုံးအမြင့်မြတ်ဆုံး ဆုံးရှုံးမှုကတော့ သတ္တ၀ါအားလုံးအတွက် အကျိုးများစေတဲ့အလုပ်ကို စွမ်းစွမ်းတမံလုပ်ဆောင်ပေးသွားတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ဆုံးရှုံးမှုပါပဲ…။ ရှိနေစဉ်မှာလည်း အကျိုးတရားများကို တိုးပွားစေအောင် လုပ်ဆောင်သလို.. ဆုံးရှုံးသွားစဉ်မှာလည်း ရှိနေစဉ်ကကဲ့သို့ သတ္တ၀ါအားလုံးအတွက် အကျိုးစီးပွားကို ဖော်ဆောင်သွားတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဆုံးရှုံးမှုကတော့ (Lost value) နဲ့ (Living value) မှာအမြင့်မြတ်ဆုံး ဆုံးရှုံးမှု၊ တန်ဖိုးအရှိဆုံး ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါပေတယ်။

ခရေပန်းလိုလူတွေများပါစေ(၂) (သို့) သိတဲ့မသာတွေ ဖြစ်အောင်ကြိုးစားပါ..

Friday, February 4, 2011


စလုပ်ကထဲကမစင်ကြယ်

လူအများစုဟာ ဘယ်အလုပ်ပဲလုပ်လုပ် သူတစ်ပါးနဲ့သွားပြီး နှိုင်းယှဉ်ကြတာများပါတယ်။ တစ်ချို့လူတွေ ကုသိုလ်တွေ လုပ်ကြတယ်.. ဒါပေမယ့် တခြားလူကိုကြည့်ကြတယ်။ သူကျတော့ မကောင်းတာတွေလုပ်တာ ကောင်းတာတွေဖြစ်လို့.. ဘာလို့သူ့ကို မကောင်းကျိုးတွေ မပေးသေးတာလဲဆိုတဲ့ အတွေးတွေပါပဲ။ အဲ့ကထဲက ကိုယ့်မှာ အကုသိုလ်ဖြစ်နေရတာပါ။ သူများကို ပျက်စီးစေချင်တယ်.. မကောင်းတာဖြစ်စေချင်တယ်ဆိုကထဲက အကုသိုလ်ဆိုးကြီးက ကိုယ့်ရင်ထဲမှာ ကိန်းနေပါတယ်။ ကိုယ်ကကောင်းတာတွေလုပ်နေပေမယ့် သူတစ်ပါးကို မကောင်းတာတွေ ဖြစ်စေချင်နေတဲ့အတွက် ကိုယ်လုပ်နေတဲ့ကုသိုလ်တွေရဲ့ အစက မစင်ကြယ်ပါဘူး။ နောက်ပြီးတော့ ကောင်းတာလုပ်ပြီး ကောင်းတာတွေဖြစ်လာချင်တယ်.. ဒါပေမယ့် မဖြစ်လာတဲ့အခါမှာတော့.. ငါဒီလောက်ကောင်းတာတွေလုပ်ပြီး မကောင်းတာတွေဖြစ်လာရတယ်ဆိုပြီး ဒေါသတွေဖြစ်လာပါတယ်။ ဒါဟာလည်း အကုသိုလ်တစ်မျိုးပါပဲ။ ကုသိုလ်လုပ်ပြီဆိုကထဲက အကျိုးကိုမျှော်နေမှတော့ ကိုယ်လုပ်တဲ့ကုသိုလ်က လောဘနဲ့မကင်းဘူး ဖြစ်နေပါတယ်။ သံသရာကိုမလည်စေချင်တဲ့ အကျိုးမျိုးကိုလိုလားတာကတော့ ဖြစ်ချင်တဲ့ဆန္ဒကို ဦးတည်ပါတယ်။ ဒီလို ကောင်းတာတွေလုပ်ပြီး ကောင်းကျိုးတွေ များများရချင်တာကတော့ လောဘကို ဦးတည်နေပါတယ်။

ဒ့ါကြောင့် ကိုယ်လုပ်တဲ့ ကုသိုလ်မှန်သမျှကို သူတစ်ပါးနဲ့သွားပြီး မနှိုင်းယှဉ်ပါနဲ့.. ကိုယ်လုပ်တဲ့ကုသိုလ်အပေါ်မှာထားရှိတဲ့ စိတ်ထားတွေ စေတနာတွေ ဖြူစင်စေဖို့ကိုသာ အဓိကထားပါလို့ တိုက်တွန်းလိုပါတယ်။ ဘယ်ကုသိုလ်ပဲလုပ်လုပ် သူများနဲ့နှိုင်းယှဉ်ပြီးလုပ်ရင် အကုသိုလ်တွေ ဖြစ်စေနိုင်တဲ့အတွက်လည်း အမြဲတမ်း ကိုယ့်ကိုယ်ကို စမ်းစစ်ပါ။ သူတစ်ပါးတိုးတက်ကြီးပွားတာကိုမြင်ရင်လည်း ၀မ်းသာနိုင်တဲ့ မုဒိတာစိတ်မျိုးတွေ မွေးနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒါမှသာ ကိုယ်လုပ်မယ့်ကုသိုလ်ရဲ့ အစဟာလည်း စင်ကြယ်နိုင်သလို.. သူတစ်ပါးရဲ့အောင်မြင်မှုကို ၀မ်းသာနိုင်တဲ့စိတ်ထားမျိုးတွေ မွေးမှလည်း.. အကြောင်းစင်ကြယ်မှ အကျိုးစင်ကြယ်မယ်ဆိုတဲ့အဆုံးမအတိုင်း ကိုယ့်ရဲ့အကျိုးတရားတွေလည်း စင်ကြယ်နိုင်ပါလိမ့်မယ်။

သိတဲ့မသာတွေ ဖြစ်အောင်ကြိုးစားပါ..

လောကမှာ လူမသိတဲ့မသာတွေ အများကြီးပါ။ လူ့လောကကြီးကို တိတ်တဆိတ်လေး ၀င်ရောက်လာတယ်.. နောက်ပြီးတိတ်တဆိတ်လေး ပြန်ထွက်သွားကြတယ်။ သူ့အကြောင်းမေးလိုက်ရင် အိမ်နီးနားချင်းကတောင် သိမယ်မထင်တဲ့သူမျိုးတွေပါ။ တခါက ဆရာတစ်ယောက်အိမ် သွားကန်တော့ရင်း အဲ့ဒီ့အရပ်က မသာချတဲ့ အချက်တီးသံ ခေါင်းလောင်းတစ်ခုကြားမိပါတယ်။ အဲ့ဒါနဲ့ ဆရာကြီးက သူ့မြေးလေးကို သွားကြည့်ခိုင်းတယ်။ လမ်းကတစ်လမ်းကျော်လောက်ပဲဆိုတော့ မသာချတာလည်း နီးနီးနားနားဆိုပြီး မြေးလေးက သွားကြည့်ပါတယ်။ အဲ့ဒါနဲ့ မြေးလေးက မသာကြည့်ပြီး ပြန်လာတယ်ပေါ့။ အဲ့ဒါနဲ့ ဆရာကြီးကမေးတယ်.. ဘယ်သူသေတာလဲပေါ့.. ဦး…..။ ဆိုပြီး ပြောတယ်။ အသက်ဘယ်လောက်လဲဆိုတော့ မသိဘူးတဲ့။ ဘာအလုပ်လုပ်လဲ… မသိဘူးတဲ့။ အဲ့ဒါနဲ့ ဆရာကြီးက သွားကြည့်အုံးဆိုပြီး ပြောပါတယ်။ အဲ့ဒါနဲ့ မြေးလေးက ထပ်သွားကြည့်တယ်။ အသက်က ဘယ်လောက်၊ ဘာအလုပ်လုပ်တယ်ဆိုပြီး ပြန်ပြောတယ်ပေါ့။ အဲ့ဒါနဲ့ ဘာရောဂါနဲ့သေတာလဲ.. သားသမီးတွေရော ဘယ်နှစ်ယောက်လောက်ကျန်ခဲ့လဲဆိုပြီး ဆရာကြီးက မေးပြန်ပါတယ်။

အဲ့ဒါနဲ့ ကျွန်တော်ကလည်း ဆရာကြီးမြေးက တယ် ညံ့တာပဲဗျာ။ စစ်ကိုင်းခွေးကြည့်ခိုင်းတဲ့ပုံပြင်လို အထီးဘယ်နှစ်ကောင်လဲ အမဘယ်နှစ်ကောင်လဲဆိုပြီး ခဏခဏသွားကြည့်ခိုင်ရသလိုမျိုး ဖြစ်နေပြီလို့ပြောတော့.. ဆရာကြီးက သူ့မြေးမညံ့ဘူးတဲ့။ သေတဲ့မသာ ညံ့တာဆိုပဲ။ အဲ့ဒါနဲ့ ဆရာကြီးက သူ့မြေးကို အပြစ်ပြောတာ မကြိုက်လို့ထင်တယ်ဆိုပြီး ကျွန်တော်က ယူဆမိတာပေါ့။ ဒါနဲ့ ဆရာကြီးက ထပ်ပြောတယ်.. မင်း.. မသိမသာဆိုတဲ့ စကားကြားဘူးလားတဲ့။ အဲ့ဒါလူမသိတဲ့မသာကွ.. လောကအကျိုး၊ တိုင်းပြည်အကျိုး၊ မြို့နယ်အကျိုး၊ ရပ်ကွက်အကျိုး မလုပ်တဲ့သူတွေသေရင် ဒီလိုပဲကွ..။ အဲ့လိုမသာမျိုးတွေသေရင် လူတောင်မစည်ဘူး.. သေတာတောင် ရပ်ကွက်က အချက်ပေးမှ သိရတယ်။ တကယ်လို့.. သူသာ ရပ်ကွက်အကျိုးတွေ.. မြို့နယ်အကျိုးတွေ လုပ်ကြည့်ပါလား.. ရပ်ကွက်ထဲမှာ ကျောင်းမထားနိုင်တဲ့ကလေးတွေကို ကျောင်းထားပေးတာတွေ.. ရပ်ကွက်သာရေးနာရေးကိစ္စတွေမှာ ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စွမ်းစွမ်းတမံလုပ်ပေးတာတွေ လုပ်ကြည့်ပါလား။ အဲ့လူသေကြည့်.. နာမည်ဘယ်သူ ဘယ်အရပ်သား အသက်ဘယ်လောက်ဆိုတာ ရပ်ကွက်ထဲမှာရှိတဲ့လူတွေ မြို့နယ်မှာရှိတဲ့လူတွေ အကုန်သိလိမ့်မယ်။ အဲ့လိုပဲကွ.. ဒီလူက လူမသိတဲ့မသာမလို့ ငါ့မြေးမညံ့ဘူး မသာညံ့တာလို့ပြောတာ။ မင်းသဘောပေါက်ပြီလား ဆိုပြီး ဆရာကြီးက ဆုံးမပေးပါတယ်။ ကျွန်တော်တော့ ဒီစကားလေးကို သေချာမှတ်သားမိပါတယ်။


ဟုတ်ပါတယ်.. လောကကြီးမှာ ကိုယ်သေသွားရင်တောင် ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေကို တမ်းတကျန်ခဲ့တဲ့သူတွေ မရှိရင် လူဖြစ်ရတာ ဘာထူးမှာလဲ။ လောကကြီးထဲရောက်လာပြီးတော့.. ကိုယ်ကောင်းစားဖို့ ကိုယ့်မိသားစုကောင်းစားဖို့ဆိုတဲ့အလုပ်တွေဟာ လူသားတိုင်းလုပ်နိုင်ပါတယ်။ မလုပ်နိုင်တဲ့ အလုပ်ဆိုတာကတော့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုဆိုတဲ့ ပရဟိတလုပ်ငန်းတွေပါ။ ကိုယ်ကျိုးကို မကြည့်ဘဲ အများအကျိုးကို ကြည့်ပြီးလုပ်ဆောင်တတ်တဲ့သူတွေ သေသွားရင် အများက လွမ်းဆွတ်တမ်းတနေရမှာပါပဲ။ ဒီလိုမျိုးလူတွေ အယောက်ပေါင်းများစွာ ပေါ်ပါစေလို့လည်း အမြဲတမ်းတပြီး ကျန်ခဲ့ကြမှာပါ။ ဥပမာအားဖြင့် နာရေးကူညီမှုအသင်းမျိုးမှာ ဦးစီးလုပ်ဆောင်နေတဲ့ ဦးကျော်သူတို့လို လူမျိုးတွေသေသွားရင်တောင် အများက လွမ်းဆွတ်နေရမှာတော့ အသေချာပါပဲ။ နှမြောစရာကောင်းလိုက်တာ.. ဒီလိုလူမျိုး ဒီလိုစိတ်ဓါတ်မျိုးရှိတဲ့သူတွေ နိုင်ငံအတွက် ပြည်သူအတွက် များစွာလိုအပ်တယ်ဆိုတဲ့ နှမြောတသမှုမျိုးတွေတော့ ကျန်ရစ်ခဲ့မှာပါပဲ။ သူကိုယ်တိုင် ကောင်းခြင်း မကောင်းခြင်းဆိုတာ သူ့အပိုင်းဖြစ်နေပေမယ့်.. သူ့ရဲ့လုပ်ဆောင်မှုတွေက အများအတွက် တိုင်းပြည်အတွက် ပြည်သူအတွက် အကျိုးရှိနေတဲ့အတွက် အများကတော့ သူ့မရှိတော့တဲ့အခါမှာ သူ့လိုလူမျိုးကို တမ်းတနေရမှာကတော့ အသေချာပါပဲ..။


ဒ့ါကြောင့် ဆရာကြီးက ပြောပါတယ်.. မင်းတို့ ငါတို့တွေလည်း မကြာခင် လူ့လောကကြီးက ထွက်ခွာသွားကြရမှာပါ။ အနှေးနဲ့အမြန်ပဲကွာပါတယ်။ အေး.. မသိမသာတော့မဖြစ်မခံနဲ့ကွာ.. သိတဲ့မသာဖြစ်အောင် ကြိုးစားပါတဲ့။ ဒီလိုသိအောင်ကြိုးစားလို့ ပြောလိုက်တယ်ဆိုတာလည်း ကိုယ့်ကိုအထင်ကြီးအောင် ဘုရားတွေတည် လမ်းတွေဖောက်လုပ်ပြရမယ် ပြောတာမဟုတ်ပါဘူး။ ကိုယ်ဘာအကျိုးပြုနိုင်လဲ ဘာတတ်နိုင်လဲဆိုတာကြည့်ပြီး နိုင်တဲ့ဘက်ကနေ စွမ်းနိုင်သလောက်ထမ်းဖို့ပါပဲ။ ဦးကျော်သူတို့လို အသင်းကြီးမျိုးတွေ မလုပ်နိုင်ပေမယ့်.. ကိုယ့်အနေနဲ့ အရူးတံမြတ်ဆီးလှည်းတဲ့ ကိုယ်ကျိုးစွန့်တဲ့အလုပ်မျိုးနဲ့တော့ စွမ်းသလောက် ၀န်ကိုထမ်းသင့်ပါတယ်။


တခါက ရပ်ကွက်တစ်ခုမှာ ညနေတိုင်း ရပ်ကွက်ကလမ်းတစ်လျောက်ကို ရေဖြန်းပြီး တံမြတ်စီးအမြဲလှည်းပေးတဲ့ အရူးတစ်ယောက်ရှိပါတယ်။ သူ့အကျင့်ကိုက အဲ့လိုလုပ်ရတာကို ၀ါသနာပါတယ်ပေါ့။ သူကဒီအလုပ်က ကောင်းသည်ဆိုးသည်လည်း မသိပါဘူး။ ဒါပေမယ့် သူလုပ်ရတာ သဘောကျတဲ့ပုံနဲ့ ညနေ့တိုင်း မပျက်မကွက် ရေဖြန်းပြီး တံမြက်စည်းလှည်းတဲ့အလုပ်ကို လုပ်ပါတယ်။ ဒါနဲ့ တနေ့ကျတော့ ဆောင်းတွင်းကြီးမှာ အရူးဖျားပြီး သေပါလေရော..။ ဒါပေမယ့် အဲ့အရူးသေတဲ့အခါမှာတော့ တစ်ရပ်ကွက်လုံးကသိတယ်.. တစ်ရပ်ကွက်လုံးက မသာ လိုက်ပို့ကြပါတယ်တဲ့။ ကဲ.. ဒါကဘာမှမဟုတ်တဲ့ တံမြတ်စီးလှည်းပေးတဲ့ အရူးတစ်ယောက်ရဲ့ ပရဟိတပါ.။ ဒါမျိုးအလုပ်မျိုးတောင် ရပ်ကွက်ကလူတွေက အမြတ်တနိုးနဲ့ တမ်းတကျန်ရစ်ခဲ့ရသေးတယ်ဆိုရင်..။


ဒီတော့ ကျွန်တော်တို့တွေဟာလည်း အရူးတစ်ယောက်ထက်တော့ ပရဟိတကို ဥာဏ်ပါပါနဲ့ လုပ်ဆောင်ပေးနိုင်တယ်ဆိုတာ သေချာနေပါတယ်။ ကိုယ်က ကျောင်းကြီးကန်ကြီးဆောက် အသင်းတွေဖွဲ့ပြီး မလုပ်နိုင်ပေမယ့်.. ကိုယ်စွမ်းနိုင်တဲ့ဘက်ကနေ အများအကျိုးရှိတာလေးတွေ လုပ်ပေးမယ်ဆိုရင်.. မြို့နယ်တစ်မြို့လုံး၊ ရပ်ကွက်တစ်ခုလုံးက မသိချင်နေပါစေ.. ကိုယ့်ရဲ့စေတနာတွေကို ခံစားဖူးတဲ့ အနည်းငယ်သောသူတွေရဲ့မေတ္တာတွေကတော့ ကိုယ်တိုင်ခံစားရမှာ မလွဲပါဘူး။ အချိန်တန်လို့ ကိုယ်ထွက်ခွာသွားခဲ့ရင် အားလုံးက မတမ်းတနိုင်ပေမယ့်.. ကိုယ့်ကိုတမ်းတပြီး ကိုယ့်ရဲ့လမ်းကြောင်းမှန်လေးကို ဆက်လျောက်လှမ်းနိုင်မယ့်သူတွေ ထားပေးခဲ့နိုင်တာဟာလည်း လာခြင်းကောင်းသော ဧည့်သည်တစ်ယောက်နဲ့ တူပါပေတယ်..။ ဒါကြောင့် မသိမသာတွေဖြစ်နေမယ့်အစား.. ကိုယ့်အထွာ ကိုယ့်ခြေရာလေးနဲ့ စွမ်းနိုင်သလောက် အများအကျိုးကို လုပ်ပေးရင်းဖြင့် သိတဲ့မသာတွေ ဖြစ်အောင် ကြိုးစားနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။ /span>

ခရေပန်းလိုလူတွေများပါစေ(၁) (သို့) ကောင်းတာလုပ်ရင် ကောင်းတာဖြစ်သလား?

Thursday, January 27, 2011



ခရေပန်းလိုလူတွေများပါစေဆိုတဲ့ ဗီဒီယိုဖိုင်လေးကို ဘလော့ပေါ်တင်ပေးတဲ့အခါမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဓမ္မမိတ်ဆွေတွေအနေနဲ့ ကော်နက်ရှင်အခက်ခဲကြောင့် နားထောင်ရတာ အဆင်မပြေဘူးလို့ သိရှိရပါတယ်။ ခေါင်းစဉ်လေးဖတ်ပြီး သေချာလည်းနားထောင်ချင်တယ်လို့ ပြောကြတဲ့အတွက် ဟောပြောပွဲမှာ ဟောပြဆုံးမသွားတဲ့ အဆုံးမလေးတွေကို စာနဲ့ပြန်ပြီးရေးသားပေးဖို့ စဉ်းစားမိပါတယ်။ ဗီဒီယိုဖိုင်ကြီးတစ်ခုလုံးကို ဖြန့်ဝေရန်အခက်ခဲဖြစ်နေတဲ့သူတွေအတွက်ပါ.. စာသားနဲ့ဖြန်ဝေပေးရတာက ပိုအဆင်ပြေမိမယ်လို့ ထင်မိပါတယ်။ ဒါ့ကြောင့် ဟောပြောပွဲပါ အကြောင်းရာလေးတွေကို စာရေးသူအာဘော်နဲ့ သဘောပေါက်လွယ်အောင် ရေးပြီး ဖော်ပြပေးလိုက်ပါတယ်။ ဟောပြောပွဲမှာ ဟောပြပေးတဲ့ ဆရာ(ဦးဘုန်း-ဓာတု) လောက်တော့ အာဘော်မကောင်းနိုင်ပေမယ့်.. အတတ်နိုင်ဆုံး အနီးစပ်ဆုံးနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဟောပြပေးတဲ့ဆရာရဲ့အာဘော်ကို မှီငြမ်းကိုးကားပြီး ရေးသားပေးပါမယ်။ ဆရာဟောပြပေးတဲ့ အချက်လက်တွေက အနည်းငယ်များတဲ့အတွက် စာဖတ်သူတွေအနေဖြင့် အဆင်ပြေအောင် အပိုင်းလိုက်ဆီခွဲပြီး ဖော်ပြပေးပါမယ်။ စာရေးသူရဲ့အာဘောမှာ အမှားယွင်းတစ်စုံတစ်ရာပါခဲ့ရင်လည်း ထောက်ပြပြုပြင်ပေးပါလို့ ဦးစွာမေတ္တာရပ်ခံအပ်ပါတယ်။

စာအုပ်စာပေလူ့မိတ်ဆွေဆိုတာ..

စာအုပ်စာပေလူ့မိတ်ဆွေဆိုတဲ့ စကားကို လူတွေအများစု အသုံးများကြပါတယ်။ အဲ့စကားလုံးက အကြွင်းမဲ့တော့ မမှန်ကန်နိုင်ပါဘူး။ စာအုပ်တစ်အုပ် အယူဆတစ်ခုကြောင့် ဘ၀တစ်ခုလုံး ဗြောင်းပြန်ဖြစ်သွားကြတဲ့သူတွေ တပုံတပင်ကြီးပါပဲ။ ဘယ်လိုအဓိပ္ပါယ်မျိုး ဘယ်လိုခံယူချက်မျိုး ဘယ်လိုယုံကြည်ချက်မျိုးနဲ့ စာရေးသူက ရေးသားတယ်ဆိုတာကို စာဖတ်သူကိုယ်တိုင်က မသိရှိရတဲ့အတွက်ပါ။ ဒေါသကြောင့်ရေးတာလား လောဘကြောင့်ရေးတာလား မောဟကြောင့်ရေးတာလားဆိုတာတော့ ရေးသားတဲ့စာရေးသူရဲ့ စိတ်ထားပေါ်မှာ မူတည်နေတဲ့အတွက်.. သူကဒေါသနဲ့ရေးရင် ကိုယ်က ဒေါသဖြစ်ရမယ်.. လောဘနဲ့ရေးရင် လောဘဖြစ်ရမယ်.. မောဟနဲ့ရေးရင် မောဟဖြစ်နေရမှာပါ။ အတ္တဆန်တဲ့ ကိုယ့်ဝါဒတွေနဲ့ ကိုယ့်အတ္တကိုအခြေခံပြီး ရေးကြတဲ့အတွက် လူသားအားလုံးအတွက်တော့ သူရေးသားတဲ့စာပေတွေဟာ အမှန်တရားကြီးသက်သက် မဖြစ်နိုင်ပါဘူး။ အတ္တမကင်းသေးတဲ့အတွက်လည်း မဖောက်မပြန် မမှန်ကန်နိုင်သလို သူ့စာကိုဖတ်မိတဲ့သူတွေပါ မှားယွင်းတဲ့သူ့ရဲ့အတ္တအစွဲတွေ ပြန့်နှံသွားနိုင်ပါတယ်။ ပုထုဇဉ်မှန်ရင် အစွဲမကင်းသေးတဲ့အတွက်လည်း သူရေးသားတဲ့ စာအုပ်တိုင်းစာအုပ်တိုင်းဟာ သူ့အတွက်မှန်ချင်မှန်ပေမယ့်.. အခြားသူအတွက်တော့ မှားချင်မှားနေမှာပါ။ ဒ့ါကြောင့် စာအုပ်စာပေတိုင်းဟာ လူ့မိတ်ဆွေအစစ်တော့ မဖြစ်နိုင်ပါဘူး။

စာအုပ်စာပေလူ့မိတ်ဆွေအစစ်အဖြင့် ထပ်တူအကျဆုံး အမှန်တရားဆိုတာကို လမ်းညွှန်ပြတာကတော့ ဗုဒ္ဓဆုံးမဟောပြတဲ့ ပရိယတ္တိစာပေကသာလျှင် လူ့မိတ်ဆွေအစစ်ကို ဖြစ်စေနိုင်ပါတယ်။ အတ္တကိုအခြေခံတဲ့ ကိုယ်ပိုင်အမြင်မဟုတ်ပဲနဲ့ တလောကလုံး သတ္တ၀ါအားလုံးအတွက် အမြဲတစေ မဖောက်မပြန်မှန်ကန်စေနိုင်တဲ့ အဆုံးမတွေဖြစ်တဲ့အတွက် ဗုဒ္ဓစာပေကသာလျှင် လူ့မိတ်ဆွေ အစစ်ကို ဖြစ်စေနိုင်ပါတယ်။ ဓမ္မဆိုတဲ့ စကားလုံးအတိုင်း အမြဲတမ်းမဖောက်မပြန် မှန်ကန်တဲ့အဆုံးမတွေဖြစ်တဲ့အတွက် လူသားအားလုံးအတွက် လူ့မိတ်ဆွေအစစ်ကို ဖြစ်စေနိုင်ပါတယ်။ ဗုဒ္ဓရဲ့ဝါဒဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် သီးသန့်ဝါဒတစ်ခု မဟုတ်ပါဘူး။ လူသားအားလုံး သတ္တ၀ါအားလုံး ကျင့်ကြံနိုင်ရင် ကျင့်ကြံနိုင်သလောက်.. လိုက်နာနိုင်ရင် လိုက်နာသလောက် အကျိုးများစေတဲ့ ဘက်လိုက်မှုမရှိတဲ့ စာပေအဆုံးမတစ်ခုဖြစ်တဲ့အတွက်.. ဗုဒ္ဓရဲ့ ပရိယတ္တိစာပေကသာလျှင် လူ့မိတ်ဆွေအစစ် ဖြစ်စေနိုင်ပါတယ်။


ကောင်းတာလုပ်ရင် ကောင်းတာဖြစ်သလား?

ဒီမေးခွန်းရဲ့အဓိပ္ပါယ်ဟာ တော်တော်လေးကျယ်ပြန့်ပါတယ်။ အဓိကအရင်ဆုံး ကောင်းတယ်ဆိုတာ ဘာလဲဆိုတာ သိဖို့လိုပါတယ်။ လူတွေကကောင်းတာဖြစ်တယ်ဆိုတာကို ရွှေတွေရတာ ငွေတွေရတာ တိုက်တွေကားတွေရတာ ချမ်းသာကြွယ်ဝတာကို ကောင်းတာဖြစ်တယ်လို့ အများအားဖြင့် ယူဆကြပါတယ်။ ယခုခေတ်လူငယ်တွေရဲ့ စိတ်ထဲမှာလည်း ဒီလိုပဲမြင်နေကြပါတယ်။ ရပ်ကွက်တစ်ခုမှာ မကောင်းတာလုပ်စားတဲ့သူတွေ အရက်ရောင်းတဲ့သူတွေက ချမ်းသာလို့.. တနေ့တနေ့ ရိုးရိုးသားသားနဲ့ တစ်နေ့လုပ်စာတစ်နေ့ ရှာစားရတဲ့သူတွေကျတော့ ဆင်းရဲလို့ ဆိုတာမျိုးတွေနဲ့ ကောင်းခြင်း မကောင်းခြင်းကို သွားပြီးနှိုင်းယှဉ်တတ်ကြပါတယ်။ မနက်မိုးလင်း ဆွမ်းဟင်းထလောင်းတဲ့ မရှိမဲ့ရှိမဲ့အိမ်တွေကျ တနေ့တနေ့စားစရာတောင် မနည်းရှာစားနေကြရတယ်။ ဆွမ်းမလောင်းပဲ တိုက်တွေတံခါးတွေ အလုံပိတ်ပြီး ဒါနဆိုတာကို အလှူခံမလာရဆိုတဲ့စကားလုံးတွေနဲ့ ပိတ်ပင်ထားကြတဲ့သူတွေကျတော့ ရွှေတွဲလွှဲ ငွေတွဲလွှဲနဲ့ဆိုတဲ့ အမြင်တွေနဲ့ အကောင်းအဆိုးဆိုတာကို နှိုင်းယှဉ်ကြပါတယ်။ ဒီလိုသာနှိုင်းယှဉ်ပြီး အမြင်တွေ အတွေးတွေ လွဲနေမယ်ဆိုရင်ဖြင့် မကောင်းတာလုပ်မှကြီးပွားမယ်လို့ ယူဆသွားကြမယ့် နောင်လာနောင်သားတွေရဲ့ အနာဂတ်ကတော့ မတွေးဝင့်စရာပါပဲ။

ဒီတော့ ကောင်းခြင်းမကောင်းခြင်းဆိုတာကို နားလည်ဖို့အတွက် ကုသိုလ် အကုသိုလ်ဆိုတဲ့ စကားလုံးကို သေချာနားလည်ဖို့လိုပါတယ်။ ကုသိုလ်ဆိုတာ အပြစ်ကင်းတယ် ကောင်းကျိုးကိုပေးတယ်.. အကုသိုလ်ဆိုတာ အပြစ်ရှိတယ် မကောင်းကျိုးကိုပေးပါတယ်။ ကုသိုလ်တွေလုပ်တာ အပြစ်ကင်းတာမှန်ပေမယ့် ဘာလို့ကောင်းကျိုးမပေးသေးတာလဲ ဆိုတဲ့မေးခွန်းကို လူငယ်တွေ အများဆုံးမေးကြပါတယ်။ ဒါလည်း မေးသင့်ပါတယ်။ ဒီလိုမျိုးမေးလာတဲ့အခါမှာ ရှေးကကံတွေအကျိုးမပေးသေးလို့ ဒီဘ၀ကောင်းကျိုး မရရှိသေးတာပါလို့ ဗုဒ္ဓရဲ့အဆုံးမကိုနားလည်ပြီးသားသူတွေအနေနဲ့ နားလည်နိုင်ပေမယ့်.. လူငယ်တွေ နားထဲရောက်ဖို့ကျတော့ သူတို့လက်ခံနိုင်အောင် ဗုဒ္ဓရဲ့အဆုံးမတွေကို မပယ်မိစေပဲ ရှင်းပြပေးနိုင်ဖို့ဟာ အင်မတန် အဓိကကျပါတယ်။


ဥပမာအားဖြင့် ဘုရားရှင်ကို ဘုရားမဖြစ်ခင်ကထဲက ကြည်ညိုခဲ့တဲ့ဘုရင် ဗိမ္မိသာရမင်းဟာ ဘုရားမဖြစ်ခင်ကတောင် ဘုရားကို တိုင်းပြည်တစ်ဝက်ခွဲပေးတဲ့အထိ ကြည်ညိုခဲ့တာပါ။ ဘုရားဖြစ်ပြီးတဲ့အခါမှာလည်း ဘုရားကို အသက်နဲ့ထပ်တူယုံကြည်တဲ့ အရိယာသောတာပန်ဘုရင်တစ်ပါးပါ။ ဒါပေမယ့် နောက်ဆုံးမှာဘယ်လိုသေခဲ့ရပါသလဲ။ ခြေဖ၀ါးဓါးခွဲခံရပြီး မရှုမလှသေဆုံးခဲ့ရတာပါ။ ကဲ.. ကောင်းတာလုပ်တယ် ကောင်းတာဖြစ်သလား..။ နောက်တစ်ချက်အနေနဲ့ ဘုရားရှင်ရဲ့ အဂ္ဂသာဝကဖြစ်တဲ့ တန်ခိုးအရာမှာ ဘုရားရှင်ပြီးရင် အမြတ်ဆုံးဖြစ်တဲ့ ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးဟာ နောက်ဆုံးပရိနိဗ္ဗာန်စံဝင်တဲ့နေရာမှာ ခိုးသားတွေရိုက်နှက်ပြီး မရှုမလှ ပရိနိဗ္ဗန်ဝင်စံခဲ့ရပါတယ်။ ဒါလည်း ကောင်းတာလုပ်တယ် ကောင်းတာဖြစ်ပါသလား။ ဒါကဘုရားရှင်လက်ထက်က ဖြစ်ရပ်ပါ။ ယခုခေတ်မှာဆိုရင်ဖြင့် ဆရာတော် အရှင်ဆန္ဒာဓိကတို့၊ ဆရာတော် အရှင်ရဝေနွယ်တို့ကို ဥပမာပေးလို့ရပါတယ်။ ဒီလောက်ကောင်းတာတွေ ကောင်းမှုတွေလုပ်နေတဲ့ကြားက မကောင်းတာတွေဟာ မဖြစ်ချင်လည်း ဖြစ်ကြရတာပါပဲ။ ဒ့ါကြောင့် ယခုမကောင်းတာလုပ်ပြီး ကောင်းတာဖြစ်နေတဲ့သူတွေ.. ကောင်းတာလုပ်ပြီး မကောင်းတာဖြစ်နေတဲ့သူတွေကိုမြင်ရင် ဒီအချက်လေးတွေကို နှလုံးသွင်း ဆင်ခြင်ကြည့်စေချင်ပါတယ်။


ရိုးရိုးရှင်းရှင်းလေးပြောရရင် ကောင်းတာလုပ်ရင် ကောင်းတာချက်ချင်းမဖြစ်ပေမယ့်.. ကောင်းတဲ့သူကတော့ ချက်ချင်းဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ဘယ်သူကမှ ရဟန်းသံဃာတော်တွေကို ဆွမ်းလောင်းတာမြင်ပါရက်နဲ့ မကောင်းတာလုပ်နေတဲ့သူ မကောင်းတဲ့သူလို့ မပြောပါဘူးနော်။ ရဟန်းသံဃာတွေ ဆွမ်းလောင်းတာကို ရွေးပြောရင် ဗုဒ္ဓဘာသာဝင်တွေအတွက်ပဲ မှန်တာဖြစ်နေပါဦးမယ်..။ ဘာသာခြားတစ်ယောက်အနေနဲ့ မိဘမဲ့ကလေးကျောင်းတွေ မျက်မမြင်ကျောင်းတွေ သွားရောက်လှူဒါန်းတာကိုမြင်ရင် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မကောင်းတဲ့သူပဲလို့ ပြောတဲ့သူများရှိမလား.. မရှိပါဘူး။ စဉ်းစားကြည့်ပါနော်.. ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး.. ဘာသာခြားတစ်ယောက်ဖြစ်နေပါစေ.. ဘာသာမဲ့တစ်ယောက်ဖြစ်နေပါစေ.. ကောင်းတာလုပ်နေတဲ့သူဟာ ကောင်းတဲ့သူပါပဲ။ ကောင်းတာလုပ်တဲ့အတွက် ကောင်းကျိုးရရ မရရ ကောင်းတဲ့သူဆိုတာတော့ လူတိုင်းက လက်ခံကြမှာပါ။ ဒါ့ကြောင့် ကောင်းတာလုပ်တိုင်း ကောင်းတာမဖြစ်သေးဘူးဆိုရင်လည်း မဖြစ်သေးတာကို ကျေကျေနပ်နပ်လက်ခံလိုက်ပါ။ ဒါပေမယ့် ကောင်းတဲ့သူချက်ချင်းဖြစ်တယ်ဆိုတာကိုတော့ မိမိကိုယ်ကိုမိမိ အကြွင်းမဲ့ယုံကြည်ပါလို့ ပြောချင်မိပါတယ်။ မကောင်းတဲ့သူတွေတွေ့ရင်လည်းဒီလိုပါပဲ။ သူမကောင်းတာလုပ်နေတယ်.. မကောင်းမှုတွေဖြစ်မလာဘူး။ ဒါပေမယ့် လူတိုင်းလူတိုင်းက သူ့ကို သူတော်ကောင်းကြီးလို့ ဘယ်သူကမှ အသိမှတ်မပြုကြတာကတော့ သေချာပါပေတယ်။


ကိုယ်တင်မဟုတ်ဘူး… ကိုယ့်မျိုးဆက်ပါ ကြောက်နေရတာ

လူတွေက ကောင်းမှု မကောင်းမှုတွေကို ဒီဘ၀ဖြစ်ပျက်နေတဲ့တစ်ခုထဲနဲ့ နှိုင်းယှဉ်နေကြတာများပါတယ်။ သံသရာအရေးဆိုတာ နောင်ခါလာနောင်ခါဈေးဆိုတဲ့သူတွေ များပါတယ်။ ဒီဘ၀ကောင်းစားပြီးရော နောက်ဘ၀ ဘာဖြစ်ဖြစ်ဆိုတဲ့သူတွေကြောင့် သူတို့ရဲ့မျိုးဆက်တွေပါ သူတို့ကြောင့် လောကကြီးကို ကြောက်နေကြရ.. သိမ်ငယ်နေကြရပါတယ်။ ဥပမာအားဖြင့်.. ကျွန်တော်တို့အဖေအမေလက်ထက်လောက်တုန်းက မြို့နယ်တစ်မြို့နယ်မှာ စာစီစာကုံးအရေးကောင်းတဲ့ ကလေးလေးတစ်ယောက်ရှိပါတယ်။ သူက စာစီစာကုံးရေးတာ မြို့နယ်မှာအတော်ဆုံးပေါ့။ အဲဒါနဲ့ တိုင်းအဆင့်စာစီစာကုံးပြိုင်ပွဲမှာ အာဇာနည်နေ့ဆိုတဲ့ခေါင်းစဉ်နဲ့ စာစီစာကုံးရေးဖို့ ကျောင်းအုပ်ဆရာကြီးက ၀င်ပြိုင်ဖို့ပြောပါတယ်။ သူ့အနေနဲ့ဘယ်လိုမှကိုမပြိုင်နိုင်ကြောင်း ကျောင်းအုပ်ကြီးကို ငြင်းပါတယ်။ ဒါပေမယ့်လည်း ကျောင်းအုပ်ဆရာကြီးက မင်းကတအားတော်တော့ ၀င်ပြိုင်ရင် ဆုလည်းရမှာဖြစ်သလို ကျောင်းဂုဏ်လည်း ဆောင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြီး ၀င်ပြိုင်ဖို့ အတင်းတိုက်တွန်းပါတယ်။ အဲ့ဒါနဲ့ကလေးလေးက ပြန်ပြောပါတယ်။ "ကျောင်းအုပ်ဆရာကြီး.. ကျွန်တော်ဝင်မပြိုင်ပါရစေနဲ့.. ဘာလို့လဲဆိုတော့ ကျွန်တော်က ဂဋ္ဌုန်ဦးစောရဲ့မြေး" တဲ့။ ကဲ.. ဒီအချက်ကိုပဲကြည့်ပါ။ ဂဋ္ဌုန်ဦးစောဆိုတာကို သူ့အနေနဲ့တွေ့ဖူးချင်မှတောင် တွေးဖူးမိမှာပါ။ ဒါပေမယ့် အဘိုးရဲ့မကောင်းတဲ့ အမဲစက်တစ်ခုကြောင့် ဘယ်လောက်ထိ ကိုယ့်မြေးအစဉ်အဆက်ထိမှာတောင် သွားပြီးသက်ရောက်စေခဲ့လဲဆိုတာကို မကောင်းမှုရဲ့ဆိုးကျိုးက မီးမောင်းထိုးပြလိုက်တာပါပဲ။

ဒါ့ကြောင့် တစ်ဘ၀ထဲအတွက် ကိုယ်ကောင်းစားဖို့တစ်ခုထဲနဲ့ မကောင်းမှုတွေကို မကျူးလွန်မိဖို့ အင်မတန်အရေးကြီးပါတယ်။ မကောင်းမှုဆိုတာ ကိုယ်တစ်ယောက်ထဲ ခံရရင်တော့ အကြောင်းမဟုတ်ပါဘူး.. ကိုယ်နဲ့ပါတ်သက်တဲ့ပတ်ဝန်းကျင် အသိုင်းဝိုင်းကပါ ကိုယ့်ရဲ့ဂယက်ရိုက်မှုတွေကို မုချမသွေခံသွားကြရမယ်ဆိုတာတော့ နှလုံးသွင်းဆင်ခြင်ဖို့လိုပါတယ်။ အမျိုးအဆွေထဲမှာ တစ်ယောက်ယောက်ကများ မကောင်းတာလုပ်လို့ ကြီးပွားနေတယ်ဆိုရင်တောင် သူတို့မျိုးရိုးက အဲ့လိုမျိုးရိုးက ဆင်းသက်လာတာဆိုတာမျိုးနဲ့ မျိုးရိုးနဲ့ချီပြီး ပြောတတ်ကြပါတယ်။ ကိုယ့်မျိုးရိုးမကောင်းတာ ကိုယ်နဲ့ဘာမှမဆိုင်ပေမယ့် လောကကြီးရဲ့ ဂယက်ရိုက်မှု သဘာဝတရားကြီးရဲ့ ဒဏ်ခတ်မှုတွေကတော့ မုချမသွေခံနေရတာပါပဲ။ ဒါ့ကြောင့် မကောင်းမှုဆိုတာ ကိုယ်တစ်ယောက်ထဲခံရတာမဟုတ်တဲ့အတွက်.. ကိုယ်သေသွားရင်တောင် ကိုယ့်မျိုးဆက်မှာ ကိုယ့်ရဲ့အမဲစက် ကိုယ့်ရဲ့မကောင်းတဲ့နာမည် မကောင်းတဲ့စရိုက်တွေမကျန်မိအောင် မကောင်းမှုတွေ မလုပ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့.. မကောင်းမှုအမဲစက်တစ်ခုစွန်းထင်းသွားရင်.. ကိုယ်တင်မဟုတ်ဘူး.. ကိုယ်သားသမီးမျိုးဆက်အထိပါ လောကကြီးကို ကြောက်နေရလို့ပါပဲ..။


ခရေပန်းလိုလူတွေများပါစေ အပိုင်း(၂)အား ဆက်လက်ရေးသားပေးပါမည်။

ဓမ္မမိတ်ဆွေများ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ..။
 

ရေးခဲ့ပြီးသော ဓမ္မစာပေများ

ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း>>>

ဓမ္မဘလော့များရှိရာသို့>>>

ကျေးဇူးတင်နေမိမှာပါ...

My Photo
ကျွန်တော့်ဆီအလည်တစ်ခေါက်ရောက်ခဲ့လို့.. ဘုရားရှင်ရဲ့အဆုံးအမစကားလေးတစ်ခွန်းလောက် ရင်ထဲမှာထင်ကျန်သွားမယ်ဆိုရင်... စာဖတ်သူကိုကျေးဇူးတင်နေမိမှာပါ...။ ဓမ္မမိတ်ဆွေများအားအစဉ်လေးစားသောအားဖြင့်..။

ပိုစ့်အသစ်တင်တိုင်း မေးလ်ပို့ပေးပါမယ်..

Enter your email address:

Delivered by FeedBurner

ပြောချင်သောစကားလေးများ

အနော်ရထာနှင့် ရှင်အရဟံ

အနော်ရထာနှင့် ရှင်အရဟံ

ရောက်ဖြစ်သော ဓမ္မဘလော့များ

လည်ပတ်ဖြစ်သောဘလော့များ